(ဆ)-ဖားဆောင်းမြို့နယ်၊ လျှပ်စစ်အင်ဂျင်နီယာရုံးတွင် လစ်လပ်နေသော လျှပ်စစ်ဝန်ထမ်းများအား အမြန်ဆုံးခန့်အပ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း
မိမိ၏မဲဆန္ဒနယ် ဖားဆောင်းမြို့နယ်သည် ဘောလခဲခရိုင်အတွင်း လူဦးရေအများဆုံးမြို့နယ်ဖြစ်ပြီး ရပ်ကွက်နှစ်ရပ်ကွက်၊ ကျေးရွာအုပ်စုရှစ်အုပ်စု၊ ကျေးရွာပေါင်း ၅၆ ရွာရှိပါကြောင်း၊ မြို့နှင့် ကျေးရွာ များမှာ အလှမ်းကွာဝေးလျက်ရှိပြီး သွားလာရေးတွင်လည်း ခက်ခဲလျက်ရှိပါကြောင်း၊ ဖားဆောင်း မြို့နယ်၏ ကျေးရွာတည်ရှိမှုသည် တခြားမြို့နယ်များနှင့်မတူဘဲ တစ်ရွာနှင့်တစ်ရွာ အလှမ်းကွာဝေးခြင်း၊ သွားလာရေးခက်ခဲခြင်း၊ နယ်မြေကန့်သတ်မှုများ စသည့်အခက်အခဲများစွာ ရှိပါကြောင်း၊ ဝမ်အောင်းကျေးရွာသည် ဖားဆောင်းမြို့နှင့် သုံးမိုင်အကွာတွင် တည်ရှိသော်လည်း သံလွင်မြစ် အထက် တစ်ဖက်ကမ်းတွင်တည်ရှိပြီး ရေလမ်းဖြစ်သည့်အတွက် စက်လှေတစ်မျိုးတည်းဖြင့်သာ သွားလာ၍ရပြီး စက်လှေအကြုံရှိမှသာ လိုက်ပါဆောင်ရွက်နိုင်ပါကြောင်း၊ ထို့အပြင် မော်ချီးဒေသ သည် ခဲ၊ သတ္တုထုတ်လုပ်ရာဒေသဖြစ်ပြီး ဖားဆောင်းမြို့နှင့် ၂၁ မိုင်ကွာဝေးပြီး တောင်တက်ပေါများ ခြင်းကြောင့် သွားလာရေးခက်ခဲခြင်း၊ ကော်သူဒိုးကျေးရွာသည်လည်း ဖားဆောင်းမြို့နှင့် ၃၉ မိုင်ကွာဝေးပြီး နယ်မြေကန့်သတ်ချက်ရှိသည့် နယ်မြေများဖြစ်ခြင်းကြောင့် သွားလာရန်မလွယ်ကူ ခြင်း၊ အချို့ကျေးရွာများတွင် အိမ်ခြေအနည်းငယ်သာရှိပြီး သွားလာရေးခက်ခဲသည့်ရွာများရှိခြင်း စသည့်အခက်အခဲများစွာ ရှိပါကြောင်း၊ ယခုလို အခက်အခဲများစွာရှိသော မိမိမြို့နယ်တွင် မီတာဖတ် စာရေးတစ်ဦးမျှ မရှိသည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်ပါကြောင်း၊
မိမိမဲဆန္ဒနယ် ဖားဆောင်းမြို့နယ်တွင် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးသည် (က)မြို့နယ်အဆင့် တွင်ပါဝင်ပြီး ဝန်ထမ်းဖွဲ့စည်းပုံအရ ခွင့်ပြု၊ ခန့်ထားလစ်လပ်နေသောဝန်ထမ်းများတွင် သတ်မှတ် ချက်အရ တောင်တန်းဒေသများတွင် မီတာ အလုံးရေ ၈၀၀ တွင် မီတာစာရေးတစ်ဦး၊ လယ်ဂျာ စာရေးတစ်ဦး ခန့်ထားရမည်ဖြစ်သော်လည်း လက်ရှိအခြေအနေတွင် ဖားဆောင်းမြို့နယ်၌ မီတာ အလုံးရေ ၃၀၀၀ ကျော်ခန့်ရှိပြီး မီတာစာရေးမရှိဘဲ လယ်ဂျာစာရေးနေ့စားတစ်ဦးဖြင့်သာ ဆောင်ရွက်နေသည်ကိုလည်း သိရှိရပါကြောင်း၊ တောင်တန်းဒေသဖြစ်သည့်အားလျော်စွာ ဘွဲ့ရ ပညာတတ်များ ရှားပါးလျက်ရှိသည့်အတွက် တက္ကသိုလ်ဝင်တန်းအောင်မြင်ထားသူများဖြင့် ဒေသလို အပ်ချက်အရ ဖြေလျှော့ခန့်ထားပေးနိုင်ရန် လိုအပ်ကြောင်း မီတာစာရေး၊ လယ်ဂျာစာရေးများမှာ နှစ်ကာလကြာရှည်စွာ တာဝန်ထမ်းဆောင်သော်လည်း နေ့စားအဖြစ်မှ အမြဲတမ်းဝန်ထမ်းအဖြစ်သို့ ပြောင်းလဲခန့်ထားမှုကြာမြင့်ခြင်းကြောင့် ဝန်ထမ်းများသည် မတည်မြဲခြင်းများဖြစ်ပေါ်လျက် ရှိနေပါ ကြောင်း၊ မြို့နယ်တစ်မြို့နယ်တွင် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ၊ လျှပ်စစ်ကျွမ်းကျင်လုပ်သားများ လိုအပ်သကဲ့သို့ မီတာစာရေး၊ လယ်ဂျာစာရေးများသည်လည်း မရှိမဖြစ်လိုအပ်ပြီး ထိုစာရေးများမရှိ သည့်အတွက် မီတာဖတ်ခြင်း၊ မီတာကောက်ခံခြင်းတို့တွင် ကြုံသလို ရပ်ကွက်ကျေးရွာသူများနှင့်သာ လွဲမှားစွာကောက်ခံခြင်းကြောင့် မကြာခဏပြဿနာများဖြစ်ပေါ်လျက်ရှိပြီး တိုင်တန်းမှုများစွာကိုဖြေရှင်းခြင်းများ ပြုလုပ်နေရပါကြောင်း၊ သို့ဖြစ်ပါ၍ ဖားဆောင်းမြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးတွင် မီတာစာရေး၊ လယ်ဂျာစာရေးများ ဖွဲ့စည်းပုံအပြည့် အမြန်ဆုံးခန့်ထားပေးပါရန် အစီအစဉ်ရှိ/မရှိကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။