(ဃ)-လုပ်ငန်းလိုင်စင် ပြုလုပ်ခြင်းအား One Stop Service ပြုလုပ်ပေးရန် အစီအစဉ် ရှိ/မရှိနှင့်စပ်လျဉ်း သည့် မေးခွန်း

2021-01-02

 အသေးစား၊ အလတ်စား လုပ်ငန်းများသည် မြန်မာနိုင်ငံ၏ မြို့ပြများနှင့် ကျေးလက် ဒေသများတွင် နေရာအနှံ့အပြားတွင် တည်ရှိနေကြပါကြောင်း၊ ထို့အပြင် မြန်မာနိုင်ငံ စီးပွားရေး လုပ်ငန်းများ၏ ၉၀ ရာခိုင်နှုန်းကျော် ရှိသည့် လုပ်ငန်းသည် SME ဟု ခေါ်သည့် အသေးစားနှင့် အလတ်စား လုပ်ငန်းများ ဖြစ်ကြပြီး၊ SME လုပ်ငန်းများနှင့် ပတ်သက်သည့် ဥပဒေကို လွှတ်တော်မှ ပြဋ္ဌာန်းခဲ့သော်လည်း လက်ရှိတွင် SME လုပ်ငန်းများသည် စိန်ခေါ်မှု အမျိုးမျိုး ရင်ဆိုင်နေရသည့် ကာလ ဖြစ်ပါကြောင်း၊ SME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် လွှတ်တော်မှ လွယ်ကူရှင်းလင်းသည့် ဥပဒေ ပြဋ္ဌာန်းပေးရမည် ဖြစ်သည့်အပြင် အစိုးရမှ SME လုပ်ငန်းများ ပံ့ပိုးပေးနိုင်သည့် လွယ်ကူရှင်းလင်း မြန်ဆန်သည့် ပြဋ္ဌာန်းချက်များ၊ ညွှန်ကြားချက်များ၊ ဝန်ဆောင်မှုများနှင့် နည်းဥပဒေများ ပြဋ္ဌာန်းပေးရမည် ဖြစ်ပါကြောင်း၊ SME လုပ်ငန်းများအတွက် အဓိက အခြေခံ လိုအပ်ချက်သည် လုပ်ငန်းလိုင်စင်များ၊ လုပ်ငန်းများ စတင်ရာတွင် အခက်အခဲ မရှိစေရေးအတွက် လုပ်ငန်းလိုင်စင်များ ပြုလုပ်ရာတွင် အခက်အခဲ မရှိ လွယ်ကူ ရှင်းလင်းသည့် မူဝါဒ လမ်းညွှန်ချက်များ လိုအပ်ပါကြောင်း၊

လုပ်ငန်းလိုင်စင်ကို မြန်မြန်ဆန်ဆန် လုပ်ပေးနိုင်မှသာ နောက်ဆက်တွဲ ဖြစ်သည့် ထုတ်ကုန်များ ရောင်းချနိုင်မည်ဖြစ်ပြီး ဈေးကွက်များ ရှာဖွေနိုင်ခြင်း၊ SME Loan များ လျောက်ထားနိုင်ခြင်း၊ ထုတ်ကုန် ဈေးကွက်များ ရရှိစေရေးနှင့် ဈေးကွက်များ ရှာဖွေရေးအတွက် လုပ်ငန်းရှင်များ အချင်းချင်း ချိတ်ဆက်မှု အားကောင်းအောင် အစိုးရအနေဖြင့် အသေးစား၊ အလတ်စား လုပ်ငန်းများ မှတ်ပုံတင်ရာတွင် လွယ်ကူရှင်းလင်း မြန်ဆန်စေရန်အတွက် ပြုလုပ်ပေးဖို့ရန် လိုအပ်လှပါကြောင်း၊ လက်ရှိတွင် လုပ်ငန်းစတင် လုပ်ကိုင်သည့် လုပ်ငန်းရှင် အသစ်များကို စိတ်ဓာတ်ကျ စိတ်ပျက်စေသည့် အချက်သည် လုပ်ငန်းလိုင်စင်များ ပြုလုပ်ရာတွင် ရှုပ်ထွေးသည့် လုပ်ငန်းစဉ်များ၊ ဌာနများ၏ ညံ့ဖျင်းသည့် ဝန်ဆောင်မှု နားမလည်သည့် ပြည်သူများကို ကောင်းမွန်စွာ လမ်းညွှန်ခြင်းမရှိသည့်အပြင် အချက်အလက်များလိုအပ်က နေရာပေါင်းစုံသို့ သွားရောက်စေခြင်းသည် စေတနာဖြင့် လမ်းညွှန်ပေးခြင်းမျိုး မဟုတ်သည်အပြင် အမိန့်ပေးစေခိုင်းသည့် ပုံစံမျိုးများ၊ ယဉ်ကျေးပျူငှာမှု မရှိသည့် ဝန်ဆောင်မှုများကြောင့်လုပ်ငန်းစလုပ်သည့်သူများအတွက် အလွန် စိတ်ပျက်ရပါကြောင်း၊ မိမိ၏ အတွေ့အကြုံအရ နေပြည်တော်စည်ပင်ကို လုပ်ငန်းလိုင်စင် လျောက်သည့်အချိန်တွင် ထိုကဲ့သို့ အလွန်ညံ့ဖျင်းသည့် ဝန်ဆောင်မှုများကို တွေ့ရသည့် အတွက် နိုင်ငံတော်အတွက် အင်မတန်မှ ဝန်လေးမိပါကြောင်း၊ နိုင်ငံတော်မှ ရရှိသည့် နှစ်စဉ်အခွန်များသည် ၎င်းလုပ်ငန်းရှင်များအပေါ် အများကြီး မှီခိုပါကြောင်း၊ ထို့ကြောင့် နိုင်ငံ၏ ၉၀ ရာခိုင်နှုန်းခန့်ရှိသည့် လုပ်ငန်းရှင်များ သည် အခက်အခဲ မရှိစေရန်အတွက် လုပ်ငန်းလိုင်စင် ပြုလုပ်သည့်အချိန်တွင် ပြည်သူများ စိတ်ပျက်စေသည့် ဝန်ဆောင်မှုများနှင့် လုပ်ငန်းစဉ်မျိုး မဟုတ်သည့်အပြင် ယဉ်ကျေးပျူငှာသည့် ဝန်ဆောင်မှုများနှင့် ရှင်းလင်းလွယ်ကူ မြန်ဆန်သည့် မူဝါဒများ ချမှတ်ပြီး လုပ်ငန်းလိုင်စင် ပြုလုပ်ခြင်းကို One Stop Service ပြုလုပ်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် ပြုလုပ်ပေးရန် အစီအစဉ်ရှိပါက မည်သည့်အချိန်ကာလနှင့် ဧရိယာ သတ်မှတ်ချက်များ သတ်မှတ်ပြီး ပြုလုပ်ပေးမည်ဖြစ်ကြောင်းကို သိရှိလိုသည့်အတွက် မေးမြန်းပါသည်။