(က)-မြန်မာနိုင်ငံ၌ အဓမ္မလုပ်အားခိုင်းစေခြင်း လုံးဝပပျောက်စေရန် အဓမ္မလုပ်အားခိုင်းစေမှုပပျောက်ရေး အမျိုးသားအဆင့် တိုင်ကြားရေးယန္တရားနှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှုအခြေအနေကို သိလိုခြင်း နှင့်စပ်လျဉ်းသည့်မေးခွန်း
မြန်မာနိုင်ငံမှ အတည်ပြုလက်မှတ်ရေးထိုးထားသည့် အဓမ္မလုပ်အား ခိုင်းစေမှုပပျောက်ရေး(ILO) ပြဋ္ဌာန်း ခြင်းအမှတ်(၂၉)ကို အကောင်အထည်ဖော်ဆောင်ရွက်မှုနှင့် ပတ်သက်၍ ဝန်ကြီးဌာနမှ ဆောင်ရွက် နေသောလုပ်ငန်းများအစီရင်ခံစာကို ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၆ ရက်နေ့တွင် အလုပ်သမား ညွှန်ကြားရေးဦးစီးဌာနမှ အလုပ်သမားအဖွဲ့ချုပ်များ၊ အလုပ်ရှင် အဖွဲ့ချုပ်နှင့် ILO သို့သိရှိနိုင်ရန် ပေးပို့ခဲ့ရာ အမျိုးသားအဆင့်တိုင်ကြားရေးယန္တရား (National Complaints Mechanism)ကို တည်ထောင်ရန် ပညာပေးလုပ်ငန်းများ ဆောင်ရွက်နေကြောင်းသာပါရှိပြီး မည်သည့်အချိန်တွင် NCM ကိုတည်ထောင်ပြီး အဓမ္မခိုင်းစေမှုကို ထိရောက်စွာ ဖြေရှင်းသွားမည်ဟု ဖော်ပြခြင်းမရှိပါကြောင်း၊ ထို့အပြင် NCM တည်ထောင်ခြင်း မပြုမီ ကြားကာလအတွင်း အဓမ္မခိုင်းစေမှုကို မည်သို့ဖြေရှင်းမည်ဆိုသည့် လုပ်ငန်းစီမံချက်များကိုလည်း မတွေ့ရပါကြောင်း၊ NCA နှင့် ပတ်သက်သည့် လုပ်ငန်းစီမံချက်ပြည့်ပြည့်စုံစုံကို မတ်လ ၁၂ ရက်နေ့မှ မတ်လ ၂၆ ရက်နေ့အထိ Geneva တွင်ကျင်းပမည့် ILO (၃၃၈)ကြိမ်မြောက် Governing Body အစည်းအဝေး သို့တင်ပြနိုင်ရန် အရေးကြီးပါကြောင်း၊ အဆိုပါ Governing Body အစည်းအဝေးတွင် မြန်မာနိုင်ငံ၏ အဓမ္မခိုင်းစေမှု ပပျောက်ရေးတင်ပြချက်ကိုလေ့လာပြီး အဓိကဆုံးဖြတ်ချက်ချသွားမည် ဖြစ်ပါကြောင်း၊ အဆိုပါ ဆုံးဖြတ်ချက်ကို မေလ ၂၅ ရက်နေ့မှ ဇွန်လ ၅ ရက်နေ့အထိကျင်းပမည့် (၁၀၉)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာအလုပ်သမားညီလာခံ(International Labour Organization)သို့ အဆိုပြုတင်ပြမည်ဖြစ်ပါကြောင်း၊
မြန်မာနိုင်ငံအနေဖြင့် လူ့အခွင့်အရေးကဏ္ဍတိုင်းကို အလေးထားဆောင်ရွက်နေကြောင်း ကမ္ဘာကို ထင်ထင်ရှားရှား ခိုင်ခိုင် မာမာပြသရမည့်အချိန်ဖြစ်သည့်အတွက် အမျိုးသားအဆင့်တိုင်ကြားမှုယန္တရား (National Complaints Mechanism)နှင့် ပတ်သက်၍ ဆောင်ရွက်ပြီးစီးမှုအခြေအနေအား သိရှိလိုပါကြောင်း မေးမြန်းပါသည်။