(င)-ဘုတ်ပြင်းမြို့နယ်၊ အလယ်မာန်ရွာဟောင်း ကျေးရွာမြေနေရာအား သိမ်းယူထားခြင်းမှ ပယ်ဖျက်၍ ကျေးရွာပိုင်မြေအဖြစ် ပြန်လည်တိုင်းတာသတ်မှတ်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း
ဘုတ်ပြင်းမြို့နယ်၊ အလယ်မာန်ကျေးရွာအုပ်စု၊ အလယ်မာန်ရွာဟောင်းကျေးရွာသည် ယခင် ပြည်ထဲရေးဝန်ကြီးဌာနအမည်ပေါက်ကျေးရွာဖြစ်ခဲ့ပြီး ခေတ်အဆက်ဆက် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံးများ ရုံးစိုက်ရာ ကျေးရွာ အုပ်စုကျေးရွာကြီး တစ်ရွာဖြစ်ပါကြောင်း၊ အိမ်ခြေ ၃၀၄ အိမ်၊ အိမ်ထောင်စု ၃၁၇ စုနှင့် လူဦးရေ ၁၅၈၂ ဦးရှိပြီး ပင်လယ်ငါးဖမ်းလုပ်ငန်းနှင့် ဥယျာဉ်ခြံမြေစိုက်ပျိုးခြင်းလုပ်ငန်းများ လုပ်ကိုင်ကြပါကြောင်း၊ ကျေးရွာအတွင်းရှိ အိမ်အများစုသည် ကွန်ကရစ်အဆောက်အအုံ ဖြစ်ပြီး ကျောင်းသားကျောင်းသူ ၃၈၅ ဦး တက်ရောက်ပညာသင်ကြားနေသည့် အခြေခံပညာ မူလတန်းလွန်ကျောင်း၊ ကျေးရွာစာကြည့်တိုက်၊ ကလေးကစားကွင်း၊ ပန်းခြံနှင့် အခိုင်အမာ တည်ဆောက်ထားသည့် ရွာဦးစေတီတော်၊ ဘုန်းတော်ကြီးကျောင်း၊ သာသနိကအဆောက်အဦများ၊ ပေ ၄၀၀၀ ကျော်ရှိ ရှစ်ပေအကျယ်နှင့် ၁၂ ပေအကျယ် ကွန်ကရစ်လမ်းများ၊ အလယ်မာန်ရွာသစ် ကျေးရွာနှင့် ဆက်သွယ်ထားသော ၁၂ ပေကျယ်ပြီး တစ်မိုင်ခန့်ရှည်လျားသည့် ကွန်ကရစ်လမ်းမကြီး၊ ၁၂ ပေအကျယ်၊ အရှည် ၆၁၄ ပေရှိသည့် ကွန်ကရစ် RC သစ်သားခင်း တံတားကြီးတို့ဖြင့် ပြည့်စုံခိုင်မာစွာတည်ရှိသော ကျေးရွာကြီးတစ်ရွာ ဖြစ်ပါကြောင်း၊ ရွာ၏ အနောက်ဘက်အခြမ်းတွင် သာယာလှပရှည်လျားသည့် ပင်လယ်သဲသောင် ကမ်းခြေရှုမျှော်ခင်းများရှိပြီး ဒေသအခြေပြု အပန်းဖြေခရီးသွားလုပ်ငန်းများလည်း စတင်ဝင်ရောက်လုပ်ကိုင်ရန် ဆောင်ရွက်နေပြီဖြစ်ပါကြောင်း၊ ယခုဘဏ္ဍာရေးနှစ်တွင် ပေ ၄၅၀၀ အရှည်ရှိ တောင်နောက်ကမ်းခြေဆင်း ကျောက်ချောလမ်းကိုလည်း ယခုဘဏ္ဍာရေးနှစ်တွင် စတင်ဖောက်လုပ်နေပြီဖြစ်ပါကြောင်း၊ အလယ်မာန်ကျေးရွာသည် ရပ်နီးရပ်ဝေးက ငါးဖမ်းပိုက် လှေများ အစဉ်အမြဲ ဝင်ရောက်နားခိုကြပြီး လှေ၊ စက်၊ ငါးဖမ်းကိရိယာများ လာရောက်ပြုပြင်ခြင်း၊ ဝယ်ယူခြင်း၊ ရေခဲ၊ ရိက္ခာများ ဝယ်ယူဖြည့်တင်းခြင်းပြုလုပ်ကြသည့်အတွက် လူဝင် လူထွက်များပြီး စီးပွား၊ စည်ပင်ဖွံ့ဖြိုးလျက်ရှိသော ကျေးရွာဖြစ်ပါကြောင်း၊
သို့သော် ယခင်အမှတ်(၁)စက်မှုဝန်ကြီးဌာန၊ မြန်မာ့ကြွေထည်မြေထည်လုပ်ငန်းမှ မှန်စက်ရုံများအတွက် သဲထုတ်ရန် မြေဧရိယာ ၁၉၅.၃၄ ဧက သိမ်းယူရာမှ ကျေးရွာပိုင်မြေအားလုံး ပါဝင်သွားခဲ့ပြီး တစ်ရွာလုံး မြေပိုင်အိမ်ပိုင် ဘဝမှ ကျူးကျော်ဘဝသို့ ရောက်ရှိခဲ့ကြရပါကြောင်း၊ ဌာန၏ သတ်မှတ်ချက်အရ ကျေးရွာတည်ရှိရာသည့် မြေအမျိုးအစားသည်လည်း တတိယဦးစားပေး အဆင့်သာဖြစ်ပြီး စက်ရုံများအတွက် အသုံးပြုရန်မသင့်တော်သည့် ကျောက်စရစ်၊ သဲ၊ ရွှံ့ရောမြေများသာ ရှိပါကြောင်း၊ ပြည်ထဲရေးဝန်ကြီးဌာန၏ ၁၉၉၄ ခုနှစ်၊ မေလ ၁၀ ရက်နေ့တွင် ထုတ်ပြန်သည့် အမိန့်ကြော်ငြာစာတွင် အခမဲ့လွှဲပြောင်းပေးသောမြေကို အမှတ်(၁)စက်မှုဝန်ကြီးဌာနအတွက် အသုံးမပြုသောနေ့တွင် နိုင်ငံတော်သို့ ပြန်လည်အပ်နှံရမည်ဟု အချက်ပါရှိခဲ့ပါကြောင်း၊ ယခုအခါ အမှတ်(၁) စက်မှုဝန်ကြီးဌာနဟု သီးသန့်မရှိဘဲ ယင်းဝန်ကြီးဌာနအောက်ရှိ ပုသိမ်၊ သံလျင် မှန်စက်ရုံများမှာလည်း ရပ်နားထားသည်မှာ ကြာခဲ့ပြီဖြစ်သည်ဟု သိရှိရပါကြောင်း၊
သို့ဖြစ်ပါ၍ ဘုတ်ပြင်းမြို့နယ်၊ အလယ်မာန်ကျေးရွာအုပ်စုတွင် ယခင်အမှတ်(၁)စက်မှုဝန်ကြီးဌာနမှ သိမ်းယူခဲ့သော မြေဧရိယာအတွင်းပါဝင်သည့် အလယ်မာန်ရွာဟောင်း ကျေးရွာမြေနေရာအား သိမ်းယူထားခြင်းမှ ပယ်ဖျက်၍ ကျေးရွာပိုင်မြေအဖြစ် ပြန်လည်တိုင်းတာသတ်မှတ်ပေးရန် အစီအစဉ် ရှိ/မရှိသိရှိလိုပါကြောင်း မေးမြန်းပါသည်။