(စ)-တစ်နိုင်ငံလုံးရှိ အထွေထွေရောဂါကုဆေးရုံကြီးများတွင် ခွဲစိတ်ခန်းကြီးကြပ်မှုကော်မတီ ဖွဲ့စည်းရန် အစီအစဉ် ရှိ၊ မရှိ နှင့်စပ်လျဉ်းသည့်မေးခွန်း
ဆေးရုံစီမံခန့်ခွဲမှု လက်စွဲစာအုပ်တွင် ပါသည့်အတိုင်း တစ်နိုင်ငံလုံးရှိ အထွေထွေ ရောဂါကု ဆေးရုံကြီးများတွင် ခွဲစိတ်ခန်း ကြီးကြပ်မှု ကော်မတီ ဖွဲ့စည်းရန် အစီအစဉ် ရှိ/မရှိ မေးခွန်းကို တင်ပြမေးမြန်းသွားမည် ဖြစ်ကြောင်း၊ ဆေးရုံကြီးတွင် တက်ရောက်ခွဲစိတ်ကုသရန် လိုအပ်သည့် လူနာများအတွက် ကောင်းမွန်သည့် ရလဒ်ခံစားနိုင်စေရန် ရည်ရွယ်ပြီး မေးမြန်းခြင်းဖြစ်ကြောင်း၊ ခွဲစိတ်ခန်း စိတ်ချရစေရန်အတွက် ခွဲစိတ်ခန်း ပိုးမွှားသန့်စင်ရန် လိုအပ်ပါကြောင်း၊ ခွဲစိတ်ခန်းများတွင် အသုံးပြုသည့် ပစ္စည်းနှင့် ဆေးဝါးများ စံချိန်စံညွှန်း ပြည့်မီရန် လိုအပ်ကြောင်း၊ ခွဲစိတ် ဆရာဝန်များနှင့် မေ့ဆေး ဆရာဝန်များအကြား အပြန်အလှန် ညှိနှိုင်းဆောင်ရွက်ရန် အထူး လိုအပ်လျက် ရှိကြောင်း၊ တာဝန်များ အသီးသီး တိတိကျကျ သတ်မှတ်ပြီး ပူးပေါင်း ဆောင်ရွက်ကြမှသာ ခွဲစိတ်ခန်းအတွင်း တာဝန်ရှိသူများနှင့် ခွဲစိတ်ခံရသည့် လူနာများအတွက် အဆင်ပြေ ချော့မွေ့မည် ဖြစ်ကြောင်း၊ နိုင်ငံတကာတွင် ခွဲစိတ် ဆရာဝန်များနှင့် မေ့ဆေး ဆရာဝန်များ ပူးပေါင်းအဖွဲ့နှင့် စနစ်တကျ ဖွဲ့စည်းပြီး ပုံမှန်အစည်းအဝေးနှင့် အခါအားလျော်စွာ ကျင်းပသည့် အစည်းအဝေးများ ပြုလုပ်ပြီး လူနာများအတွက် အကောင်းဆုံး ရလဒ်ရရှိစေရန် ဆောင်ရွက်ကြသည်ကို တွေ့ရပါကြောင်း၊ မိမိတို့ နိုင်ငံတွင် ဆေးရုံ စီမံခန့်ခွဲမှု လက်စွဲ စာအုပ်ပါအတိုင်း ဆေးရုံများ လည်ပတ် အလုပ်လုပ်ကြသည်ကို သိရပါကြောင်း၊
ဆေးရုံ စီမံခန့်ခွဲမှု လက်စွဲစာအုပ် အခန်း(၁၈) နံပါတ် (၃) ကြီးကြပ်ကွပ်ကဲခြင်း ဆိုသည့် အပိုဒ်တွင် ခွဲစိတ်ခန်းကြီးကြပ်မှု ကော်မတီကို ဖွဲ့စည်းရမည် ဖြစ်ပါကြောင်း၊ ၎င်းအဖွဲ့၏ တာဝန် လုပ်ပိုင်ခွင့်နှင့် ဆောင်ရွက်ရမည့် လုပ်ငန်းများကို အတိအကျ အကျယ်အဝင့် ရေးထားသည်ကို တွေ့ရသော်လည်း လက်တွေ့တွင် ဆေးရုံများစွာတွင် စနစ်တကျ ဖွဲ့စည်းထားခြင်း မရှိဘဲ အဆင်ပြေသလို အလုပ်လုပ်ကြသည်ကို သိရပါကြောင်း၊ ကော်မတီ ဖွဲ့စည်းပြီး အလုပ်လုပ်ခြင်းနှင့် ကော်မတီ ဖွဲ့စည်းခြင်း မပြု အဆင်ပြေသလို အလုပ်လုပ်ကြသည်ကို ရလဒ်များစွာ ကွာခြား သည်ဆိုသည့် အချက်ကို လူတိုင်းသိရှိ နားလည်မည်ဟု ထင်ပါကြောင်း၊ မိမိတို့ နိုင်ငံရှိ ဆေးရုံများ၏ ခွဲစိတ်ခန်းတွင် ပိုးမွှားသန့်စင်မှု၊ အသုံးပြုသည့် ဆေးဝါးနှင့် ပစ္စည်းများ၏ အရည်အသွေး ပြည့်မီမှု ရှိ/မရှိ မေးခွန်းထုတ်စရာ ဖြစ်နေပါကြောင်း၊ အထူးတင်ပြလိုသည့် တစ်ချက်သည် ခွဲစိတ်ခန်း ကြီးကြပ်မှု ကော်မတီ ဖွဲ့စည်းထားခြင်း မရှိသည့်အတွက် ခွဲစိတ် ဆရာဝန်ကြီးများနှင့် မေ့ဆေး ဆရာဝန်များအကြား ညှိနှိုင်းမှု အားနည်းသည့် ကိစ္စ ဖြစ်ကြောင်း၊ အထူးသဖြင့် ခွဲစိတ် ဆရာဝန်ကြီးများနှင့် မေ့ဆေးဆရာဝန်များ ကြားတွင် စည်းကျော် ဘောင်ကျော်များ လုပ်ကြပြီး ချောမွေ့စွာ အလုပ် မလုပ်နိုင်ကြသည့်အတွက် ခွဲစိတ်ခံရသည့် လူနာများတွင် များစွာ ထိခိုက်နိုင်ကြောင်း၊ ထိခိုက်လျက် ရှိကြောင်းကို သတိပြုရန် အထူးလိုအပ်ပါသည့်အတွက် တင်ပြ မေးမြန်းပါသည်။