(က)-နိုင်ငံတော်အလံအပါအဝင် အခြားအထိမ်းအ မှတ် အလံများကို အလွဲအသုံးပြုခြင်းနှင့် စပ်လျဉ်း၍ အရေးယူကြပ်မတ်နိုင်ရန်မည်သို့စီစဉ်ထားသည်ကို သိလိုခြင်း နှင့် စပ်လျဉ်းသည့် မေးခွန်း

2021-01-02

ဦးသန်းဦး (မြဝတီ)

ဦးသန်းဦး (မြဝတီ) နိုင်ငံတော်အလံအပါအဝင် တိုင်းရင်းသား လူမျိုးများ၏ အထိမ်းအမှတ်အလံများ၊ အဖွဲ့အစည်းအလံများနှင့် သာသနာတော်ဆိုင်ရာ အလံများကို လွှင့်ထူအသုံးပြုကြရာတွင် သက်ဆိုင်ရာဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်း စည်းကမ်းများအတိုင်း လိုက်နာကြရသည်ဟု သိရှိထားပါကြောင်း၊ သို့သော် အချို့သော ပြည်သူများ အနေဖြင့် နိုင်ငံတော်အလံ အပါအဝင် အခြားအထိမ်းအမှတ်အလံများ အသုံးပြုရာ၌ လုပ်ထုံးလုပ်နည်းများနှင့် ညီညွတ်ခြင်းမရှိဘဲ လွဲမှားစွာ အသုံးပြုခြင်းများရှိနေသည်ကိုတွေ့ရှိရပါကြောင်း၊ ဥပမာ သာသနာ့အလံကို နိုင်ငံတော် အဆင်‌့ သာသနာရေးဆိုင်ရာ ကိစ္စများတွင် အသုံးပြုခွင့်ရှိသော်လည်း အချို့သောဘုရားဖူးယာဉ်များတွင် တပ်ဆင်အသုံးပြုခြင်း၊ တိုင်းရင်းသားအလံများကို သြင်္ကန်ကဲ့သို့သော နေ့ရက်များတွင် အသုံးပြုခြင်း၊ အခြားနိုင်ငံ အလံများကိုလည်း အလွဲသုံးစားပြုလုပ်ခြင်းများ တွေ့မြင်ရသည့် အတွက်ကြောင့် နှစ်ဖက်အုပ်စု အငြင်းပွားမှု ပြဿနာများတွေ့ရှိရပါကြောင်း၊ ထို့ကြောင့် မိမိ မေးမြန်းလိုသည်မှာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အလံအပါအဝင် အခြားအထိမ်းအမှတ်အလံများ တလွဲအသုံး ပြုခြင်းနှင့် စပ်လျဉ်းပြီး နိုင်ငံတော်က အရေးယူ ဆောင်ရွက်နိုင်ရန် မည်သို့စီစဉ်ထားသည်ကို သိရှိလိုပါကြောင်းမေးမြန်းပါသည်။