(က)-အိမ်ရာမရှိသေးသောပြည်သူများအတွက်တန် ဖိုးသင့်၊တန်ဖိုးနည်း၊တန်ဖိုးသက်သာအိမ်ရာများနှင့် အိမ်ငှားရမ်းခသက်သာသောအိမ်ငှားတိုက်ခန်းများ ကိုနိုင်ငံတော်မှတည်ဆောက်ပေးရန်အစီအစဉ်ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း
တန်ဖိုးနည်းအိမ်ရာများ ဖော်ဆောင်ရာတွင် တန်ဖိုး ကျပ်သိန်း ၁၀၀ နှင့် သိန်း ၅၀ အတွင်းဖြစ်ရန် လိုအပ်ပါကြောင်း၊ နေအိမ်ခန်း ပိုင်ဆိုင်ခြင်းမရှိသေးသည့် ဝင်ငွေနည်းလူတန်းစားများ၊ အခြေခံနိုင်ငံ့ဝန်ထမ်းများ၊ ကာယဉာဏ လခစားနေ့စား ဝန်ထမ်းအသီးသီးတို့အတွက် တန်ဖိုးနည်းအိမ်ရာများ ပိုင်ဆိုင်ခွင့်ရရှိရေးတို့အတွက် နိုင်ငံတော်မှ စနစ်တကျ ဖော်ဆောင်ပေးရန် လိုအပ်ပါကြောင်း၊ ပြည်သူများ လိုအပ်နေသည်မှာ တန်ဖိုးနည်းအိမ်ရာဖြစ်ပြီး ယခုဆောင်ရွက်နေသည်မှာ တန်ဖိုးသင့်အိမ်ရာများသာ ဖြစ်ပါကြောင်း၊ တန်ဖိုးသင့်အိမ်ရာ ဝယ်နိုင်သည့် လူတန်းစားတချို့ရှိသော်လည်း အခြေခံ လူတန်းစားများနှင့် ဝန်ထမ်းတို့မှ အရစ်ကျစနစ်ဖြင့် ပေးသွင်းခြင်းအပြင် နိုင်ငံမှ အာမခံပေးစနစ်ဖြင့် ဆောင်ရွက်မှသာ အိမ်ခန်းဝယ်ယူပိုင်ဆိုင်နိုင်မည် ဖြစ်ပါကြောင်း၊ တန်ဖိုးနည်းအိမ်ရာ အမှန်တကယ်ဖော်ဆောင်ပေးလျှင် လိုအပ်သူ ပိုမိုများပြားမည်ဖြစ်ပါကြောင်း၊ တန်ဖိုးနည်းအိမ်ရာဖြစ်ရန် အခြေခံလိုအပ်ချက်မှာလည်း ကုန်ကျစရိတ် သက်သာမှုဖြစ်ပြီး ကုန်ကျစရိတ်သက်သာရန် နိုင်ငံတော်မှ မြေနေရာကျခံပေးရန်လည်း လိုအပ်ပါကြောင်း၊ ယခင်အစိုးရအဆက်ဆက် တိုင်းဒေသကြီး/ပြည်နယ်များတွင် မြို့ကွက်သစ်များ ဖော်ထုတ်ခြင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးဇုန်များ၊ စက်မှုဇုန်များ၊ ဖွံ့ဖြိုးတိုးတက်ရေးဇုန်များကို ဖော်ထုတ်ခြင်းများ၊ ဝန်ထမ်းလိုင်းခန်းများ၊ အဆောက်အဦဆောက်လုပ်ခြင်းများ ဆောက်လုပ်ခဲ့သည်ကို တွေ့ရှိရပါကြောင်း၊ အောင်မြင်မှုမရသည့် အထူးဇုန်များ၊ ဖွံ့ဖြိုးမှုရပ်တန့်နေသည့်ဇုန်များ၊ ဖွံ့ဖြိုးမှုနှေးကွေးနေသည့်ဇုန်များ ရှိခဲ့သကဲ့သို့ ဝန်ထမ်းများအတွက် ဖော်ထုတ်ပေးခဲ့သည့် အိမ်ရာဖွံ့ဖြိုးမှုဇုန်များ၊ ဖွံ့ဖြိုးမှု အားနည်းသော်လည်း လုပ်သက်ပြည့်ဝန်ထမ်းများအတွက် ထိုက်သင့်သော အကျိုးခံစားမှုများ ရရှိခဲ့ပါကြောင်း၊ အသက်အရွယ်ကြီးရင့်လာသည့် ပင်စင်စားများ ဝန်ထမ်းများသည် မိမိတို့ရရှိသော မြေကွက်များတွင် နေထိုင်လိုကြသော်လည်း မနေထိုင်သည့် အခြေအနေ၊ နိုင်ငံတော်မှပံ့ပိုးမှုအားနည်းသော အခြေအနေများကြောင့် နေရေးထိုင်ရေးအခက်အခဲ ရှိနေကြသည့် လုပ်သက်ပြည့်ဝန်ထမ်းများနှင့် ပင်စင်စားများအတွက် တန်ဖိုးသင့်၊ တန်ဖိုးနည်း၊ တန်ဖိုးသက်သာသည့် အိမ်ရာများကို လျင်မြန်စွာ၊ လောက်ငှစွာ ဆောက်လုပ်ပေးသင့်ပါကြောင်း၊ ထို့အပြင် ပြောင်းရွှေ့တာဝန်ထမ်းဆောင်နေကြရသော ဝန်ထမ်းများ၏ နေထိုင်မှုအခက်အခဲများ၊ ဝင်ငွေနည်းလူတန်းစားမျိုးစုံ၏ အိမ်ရာမဲ့မှုများ၊ မြို့ပြ များအား မှီခိုရပ်တည်နေရသော မိသားစုအခက်အခဲများ၊ စားဝတ်နေရေး ရုန်းကန် ဆောင်ရွက်နေကြရသော ကာယဉာဏလုပ်အားရှင်တို့၏ နေရာအခက်အခဲ၊ အိမ်ငှားခဈေးကြီးမြင့်မှုများ၊ ဖြေရှင်းဆောင်ရွက် မပေးနိုင်သည့် ကျူးကျော်နေထိုင်မှုပြဿနာ မြင့်မားလာမှုများနှင့် ကျူးကျော်ဖယ်ရှားမှုပဋိပက္ခမျိုးစုံတို့ကို ပြေလည်နိုင်စေရေးအတွက် အိမ်ငှားတိုက်ခန်းများ စနစ်တကျငှားရမ်းပေးနိုင်သည့် အငှားတိုက်ခန်းများလည်း တည်ဆောက်ပေးသင့်ပါကြောင်း၊ သို့ပါ၍ နေရေးအခက်အခဲရှိနေကြသည့် အိမ်ရာမရှိသေးသည့် ဝင်ငွေနည်းလူတန်းစားများ၊ ဝန်ထမ်းများ၊ ပင်စင်စားများအတွက် တန်ဖိုးသင့်၊ တန်ဖိုးမျှတအိမ်ရာ၊ တန်ဖိုးနည်းအိမ်ရာနှင့် ဝင်ငွေအနည်းဆုံးပြည်သူများ အတွက် တန်ဖိုးသက်သာ ဈေးချိုချိုအိမ်ရာများကို နိုင်ငံတော်မှ အလျင်အမြန်နှင့် လောက်ငှစွာဆောင်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် အိမ်ငှားရမ်းနေသူများအတွက် သက်သာသောနှုန်းထားများဖြင့် စနစ်ကျစွာငှားရမ်း နေထိုင်နိုင်ရေးအတွက် အိမ်ငှားတိုက်ခန်းများကို နိုင်ငံတော်မှ တည်ဆောက်ပေးရန်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။