(ဃ)-မြန်မာပြည်တစ်ဝန်းတွင်သုံးစွဲနေသောငွေစက္ကူ အမျိုးမျိုးပေါ်ရှိဆင်တံဆိပ်နှင့် ခြင်္သေ့တံဆိပ်ရုပ်ပုံများ အစားဗိုလ်ချုပ်အောင်ဆန်း၏ရုပ်ပုံပါသော ငွေစက္ကူ များဖြင့် အစားထိုး ရိုက်နှိပ် ထုတ်ဝေသုံးစွဲရန်အစီ အစဉ်ရှိ၊ မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း
ကမ္ဘာတစ်လွှားမှာ၊ နိုင်ငံအများအပြားမှာငွေစက္ကူများ ထုတ်ဝေသုံးစွဲကြရာတွင် ပြည်တွင်းပြည်ပ လက်ခံကြသည့် အတိုင်းအတာအပေါ် မူတည်ပြီး လှည့်လည်သုံးစွဲ
ကြပါကြောင်း၊ ငွေစက္ကူ၏ မျက်နှာစာတွင် အများအားဖြင့် ဘုရင်များ၊ ဘုရင်မများ၊ နိုင်ငံ့ခေါင်းဆောင်များ၊ အာဇာနည်များ၊ ကောင်းသတင်း ထင်ရှားကျော်ကြားသူများ၊ ပညာရှင်များ စသည့်ဖြင့် နိုင်ငံ့သမိုင်း စာမျက်နှာများတွင် တင့်တင့်တယ်တယ် ဝံ့ထည်စွာ နေရာယူခဲ့ကြကြောင်း။
မြန်မာနိုင်ငံတွင်လည်း တစ်ချိန်က အလွန်တရာကျက်သရေရှိသော အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ရုပ်ပုံပါသောငွေစက္ကူများ ထုတ်ဝေသုံးစွဲ ခဲ့ရပါကြောင်း၊ ယခုမျက်မှောက်ကာလ၌ ဆင်ရုပ်များ၊ ခြင်္သေ့ရုပ်များပါသော ငွေစက္ကူများကို သုံးစွဲနေရပါကြောင်း၊ နိုင်ငံ့ခေါင်းဆောင်များ၊ဂုဏ်သတင်းထင်ရှားကျော်ကြားသူများ၏ ရုပ်ပုံများပါသော ငွေစက္ကူများကို မြင်ရသည့် အနာဂတ်လူငယ်များ အနေဖြင့် လေးစားခြင်း၊ဂုဏ်ယူခြင်းများနှင့်အတူ အားကျခြင်း၊အတုခိုးခြင်းများ ဖြစ်လာပါကြောင်း၊ ဂုဏ်ပြုသင့်သူကို ထိုက်ထိုက်တန်တန် ဂုဏ်ပြုခြင်းသည် ကောင်းသောဆောင်ရွက် မှု ဖြစ်သည့်အတွက် ယခုလက်ရှိ ထုတ်ဝေသုံးစွဲနေသော ဆင်ရုပ်၊ ခြင်္သေ့ရုပ်များအစား အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ရုပ်ပုံပါသော ငွေစက္ကူများ ကို အစားထိုး ထုတ်ဝေသင့်ပါကြောင်း၊ ထို့ကြောင့် အခုလက်ရှိထုတ်ဝေသုံးစွဲနေသော ဆင်ရုပ်၊ ခြင်္သေ့ရုပ်များအစား အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံပါသော ငွေစက္ကူများဖြင့် အစားထိုးထုတ်ဝေသုံးစွဲရန် အစီအစဉ်ရှိ/မရှိ၊ အစီအစဉ်ရှိပါက မည်သည့်အချိန်တွင် ပြုလုပ်မည်နှင့် အစီအစဉ်မရှိပါက မည်သည့်အတွက်ကြောင့်ဖြစ်သည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။