(က)-အသေးစားနှင့်အလတ်စား စက်မှုဇုန်အတွင်း ဖော်ထုတ်ပြီးမြေနေရာများ အကျိုးရှိစွာ အသုံးချနိုင်ရေး၊ စက်မှုဇုန်ဖွံ့ဖြိုး တိုးတက်ရေးစီမံချက်များ ရေးဆွဲရေးနှင့် အထည်ချုပ်လုပ်ငန်း ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်း သည့်မေးခွန်း
ဒက္ခိဏသီရိ အသေးစားနှင့်အလတ်စား စက်မှုဇုန်အတွင်း ဖော်ထုတ်ပြီးမြေနေရာများ အကျိုးရှိထိရောက်စွာ အသုံးချနိုင်ရေးအတွက် မည်ကဲ့သို့ ဆောင်ရွက်ထားပါသနည်း၊ စက်မှုဇုန်ဖွံ့ဖြိုး တိုးတက်ရေးစီမံချက်များ မည်ကဲ့သို့ ရေးဆွဲထားပါသနည်း၊ အလုပ်အကိုင် အခွင့်အလမ်းများစွာ ဖန်တီးပေးသော အထည်ချုပ်လုပ်ငန်း ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်ဆောင်ရွက် ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း
စက်မှုဇုန်များကို နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုဆိုင်ရာမူဘောင်များနှင့်အညီ စနစ်တကျ စီမံထူထောင်၍ ပြည်တွင်းပြည်ပလုပ်ငန်းရှင်များ ရင်းနှီးမြှုပ်နှံလုပ်ကိုင်နိုင်စေရန်၊ ကုန်ထုတ်လုပ်ငန်းနှင့် ကုန်ထုတ်လုပ်မှုဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများ၏ လိုအပ်ချက်များကို ပြည့်စုံစွာ စီမံဆောင်ရွက်ခြင်းဖြင့် စက်မှုဇုန်များအတွင်း လုပ်ငန်းချိတ်ဆက်မှုအားကောင်း၍ ယှဉ်ပြိုင်နိုင်သော စက်မှုလုပ်ငန်းများ ဖြစ်လာ စေရန်၊ စက်မှုလုပ်ငန်းကြောင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဆိုးကျိုးသက်ရောက်မှုများကို စနစ်တကျ စီမံထိန်းချုပ်ရန်၊ အလုပ်အကိုင် အခွင့်အလမ်းများ တိုးမြှင့်စေရန် စသည့်ရည်ရွယ်ချက်များနှင့် တည်ထောင် ရမည်ဖြစ်ပါကြောင်း၊ ဒေသအလိုက် စက်မှုဇုန်များကို စနစ်တကျထူထောင်ပြီး ဖွံ့ဖြိုးတိုးတက်ရန် စီမံခန့်ခွဲနိုင်ပါက မြို့ပြနှင့်ကျေးလက်ဖွံ့ဖြိုးတိုးတက်မှု ကွာဟချက်များကို လျှော့ချနိုင်မည်ဖြစ်ပါကြောင်း၊ နေပြည်တော် မြို့သစ်စီမံကိန်းနှင့် အခြားစီမံကိန်းများကြောင့် ဒေသခံပြည်သူများ၏ စိုက်ပျိုးမြေ အမြောက် အမြား သိမ်းဆည်းခံခဲ့ရပြီး အလုပ်အကိုင်အခွင့်အလမ်းများ ဆုံးရှုံးခဲ့ရပါကြောင်း၊
ဒက္ခိဏသီရိ အသေးစားနှင့် အလတ်စားစက်မှုဇုန်ကို ၁၁-၁၁-၂၀၁၃ ရက်နေ့တွင် မြေ ၃၄၆.၅၃၂ ဧကအပေါ် အကောင်အထည်ဖော်တည်ဆောက်ခဲ့ပြီး အကွက်ပေါင်း ၁၀၀ ရှိပြီး ချထားရန် မြေကွက် ၄၈ ကွက်ရှိကြောင်း၊ လျှပ်စစ်ဓာတ်အားခွဲရုံနှင့် အခြားအခြေခံအဆောက်အအုံတို့ကို တည်ဆောက်ထားပြီး ဖြစ်ပါကြောင်း၊ ချထားပြီးမြေကွက်များအတွင်း အမှန်တကယ် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများမှာ အနည်းငယ် သာရှိပါကြောင်း၊ နေပြည်တော် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ စက်ချုပ်သင်တန်း အပါအဝင် အခြားအသက်မွေးဝမ်းကျောင်းသင်တန်းများကို စဉ်ဆက်မပြတ် ဖွင့်လှစ်ပို့ချပေးလျက်ရှိပါ ကြောင်း၊ သို့ဖြစ်ပါ၍ (က) ဒက္ခိဏသီရိ အသေးစားနှင့် အလတ်စားစက်မှုဇုန်အတွင်း ဖော်ထုတ်ပြီး မြေနေရာများ အကျိုးရှိထိရောက်စွာအသုံးချနိုင်ရေးအတွက် မည်ကဲ့သို့ဆောင်ရွက်ထားပါသနည်း။ (ခ) စက်မှုဇုန်ဖွံ့ဖြိုးတိုးတက်ရေးစီမံချက်များ မည်ကဲ့သို့ရေးဆွဲထားပါနည်း။ (ဂ) အလုပ်အကိုင်အခွင့်အလမ်း များ များစွာဖန်တီးပေးသော အထည်ချုပ်လုပ်ငန်း ရင်းနှီးမြှုပ်နှံမှုများဖိတ်ခေါ်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးမြန်းခဲ့သည်။