(င)-မြို့ဝင်ကြေးကောက်ယူ နေမှုများအား ပိုမိုသင့်လျော်ကောင်းမွန်သော နည်းလမ်းများဖြင့် စီမံ ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

2021-01-02

မိမိတို့နိုင်ငံအတွင်းရှိ နိုင်ငံသားများသည် လူမှုစီးပွားရေးအရသော်လည်းကောင်း၊ အပန်းဖြေအလည်ပတ် ခရီးသော်လည်းကောင်း၊ ဌာနဆိုင်ရာလုပ်ငန်းတာဝန်အရသော် လည်းကောင်း၊ တစ်မြို့မှအခြားတစ်မြို့သို့ ယာဉ်အမျိုးမျိုးအသုံးပြုပြီးသွားနေရပါကြောင်း၊ ယခုလိုသွားလာသည့် နေရာတွင် ဆိုင်ကယ်နှင့်ကားကို အသုံးပြုသွားလာသူ အများဆုံးဖြစ်ပြီး မြို့ဝင်ကြေးဂိတ်များကို ပေးဆောင်ပြီးမှ သွားလာကြရပါကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေဇယား (၂) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဥပဒေပြုစာရင်း ဘဏ္ဍာရေးနှင့် စီမံကိန်းကဏ္ဍအပိုဒ်ခွဲ (င) တွင် အဆောက်အအုံနှင့် မြေခွန်၊ ရေခွန်၊ လမ်းမီးခွန်၊ ဘီးခွန်စသည်‌့ စည်ပင်သာယာရေးဆိုင်ရာ အခွန်အခများဆိုပြီး ပြဋ္ဌာန်းထားသည့် အတွက်ကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ စီမံခန့်ခွဲဆောင်ရွက်ပိုင်ခွင့်ရှိသည့် အထဲတွင် ပါနေပါကြောင်း၊ ကျန်သည့်အခွန်အခများ တိကျစွာဆောင်ရွက်နိုင်သော်လည်း ဘီးခွန်ကောက်သည့် နေရာတွင် စည်ပင်သာယာရေးဥပဒေများကို လေ့လာကြည်‌့သည့်အခါ ပြင်ပမှ မြို့စည်ပင်သာယာရေး နယ်နိမိတ်အတွင်း ဝင်ရောက်ရပ်နားသော ယာဉ်များဆိုပြီး တွေ့ရှိရပါကြောင်း၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန၏ လမ်းမကြီးများ ဥပဒေအခန်း (၁) အပိုဒ် ၂ အပိုဒ်ခွဲ (က) တွင် လမ်းမကြီးဆိုသည်မှာ ဆောက်လုပ်ရေးဝန်ကြီးဌာနက လမ်းမကြီးအဖြစ် အမိန့်ကြော်ငြာစာထုတ်ပြန်၍ သတ်မှတ်ထားသော လမ်းအားလုံးကို ဆိုလိုသည်။ ယင်းစကားရပ်တွင် လမ်းမကြီးတစ်ဖက်တစ်ချက်စီရှိ လမ်းနယ်နိမိတ် များနှင့် လမ်းမကြီးများတွင်ရှိသော တံတားများလည်း ပါဝင်သည်။ သို့ရာတွင် သက်ဆိုင်ရာ စည်ပင် သာယာရေးအဖွဲ့က ဖောက်လုပ်သည်‌့ သို့မဟုတ် ပြုပြင်ထိန်းသိမ်းသည်‌့လမ်းများ မပါဝင်ဆိုပြီး ပြဋ္ဌာန်းထားပါကြောင်း၊ တစ်ခါအခန်း (၅) ပြစ်မှုပြစ်ဒဏ်များ အပိုဒ် ၉ အပိုဒ်ခွဲ (ဂ) လမ်းမကြီးများပေါ်တွင် ယာဉ်သွားလာမှုကို အနှောင့်အယှက်သော်လည်းကောင်း၊ ဘေးအန္တရာယ်ကို သော်လည်းကောင်း ဖြစ်စေမည့်ပစ္စည်းကို တမင်ထားရှိရင်လျှင် ထိုသူကို သုံးလအထိ ထောင်ဒဏ်ဖြစ်စေ၊ အနည်းဆုံးကျပ်တစ်သောင်းမှ အများဆုံးကျပ်တစ်သိန်းထိ ငွေဒဏ်ဖြစ်စေ ချမှတ်ရမည်ဟု ပြဋ္ဌာန်းထားပါကြောင်း၊

ဆောက်လုပ်ရေးဝန်ကြီးဌာန လမ်းနှင့်တံတားအသုံးပြုခြင်း ဆိုင်ရာဥပဒေအခန်း (၁) ပုဒ်မ ၂ ပုဒ်မခွဲ (ဃ)၊ (င)၊ (စ) တွင် သက်ဆိုင်ရာဝန်ကြီးဌာနက ဤဥပဒေအလို့ငှာ သတ်မှတ်ထားသော လမ်းနှင့်တံတားပေါ်တွင် အသုံးပြုသူ၊ အသုံးပြုခြင်း၊ အသုံးပြုခစသည်တို့ကို တိကျစွာဖော်ပြ၍ ပြဋ္ဌာန်းထားပြီးသား ဖြစ်ပါကြောင်း၊ ယခုလက်ရှိအခြေအနေတွင် မြို့ဝင်ကြေးမှရရှိသည့် အခွန်အခများ မြို့စည်ပင်သာယာဖွံ့ဖြိုးရေးအတွက် ပြန်သုံးသည်ဆိုသော်လည်း ထိုအခြေအနေကို အခွင့်ကောင်းယူ၍ မြို့တွင်းသို့ ဝင်သည်ဖြစ်စေ၊ မဝင်သည်ဖြစ်စေ၊ မြို့နယ်နိမိတ်ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ မြို့ဝင်ကြေးများ ကောက်ခံနေပါကြောင်း၊ ၂၀-၇-၂၀၁၇ ရက်နေ့ ပဉ္စမပုံမှန်အစည်းအဝေး (၃၁)ရက် မြောက်နေ့ ရေကြည်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၏ မေးခွန်းကို ဝန်ကြီးကိုယ်တိုင် လွှတ်တော်တွင် ဥပဒေနှင့်မညီပါကြောင်းကို ပြန်လည်ဖြေကြားထားသော်လည်း ယနေ့အချိန်အထိ တောင်းခံနေဆဲဖြစ်ပါကြောင်း၊ ယခုလို မျိုးဥပဒေနှင့်မညီ မြို့ဝင်ကြေးတောင်းခံနေမှုများသည် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင်လည်းမည် ဖြစ်ပါကြောင်း၊ သို့သော် ကယားပြည်နယ်တွင် ၂၀၁၇ ခုနှစ် ဧပြီလကစပြီး မြို့ဝင်ကြေးများ ရုပ်သိမ်းပြီးပါကြောင်း၊ ကချင်မှာလည်း ၂၀၁၇ ခုနှစ် ဇူလိုင်လက ဖျက်သိမ်းလိုက်ပါကြောင်း၊ တနင်္သာရီ တိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တွင်လည်း ၂၀၁၈ ခုနှစ် ဧပြီလဆိုလျှင် မထားတော့ပါကြောင်း၊ ထို့ကြောင့် တစ်နိုင်ငံလုံး အတိုင်းအတာနှင့် တစ်ပြေးညီ ဖျက်သိမ်းပေးပြီး ပိုမိုသင့်လျော်ကောင်းမွန်သော  နည်းလမ်းများဖြင့် ပေါင်းစပ်ညွှန်ကြား ဆောင်ရွက်သွားရန် ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။