(ဃ)-ဒီပဲယင်းမြို့နယ်ရှိကျေးရွာများတွင် JICA မှ ပံ့ ပိုးချေးငွေဖြင့်ဒုတိယစီမံချက်ဖြစ်သော၃၃KVလျှပ်စစ် ဓာတ်အားခွဲရုံကိုတည်ထောင်၍နောက်ထပ်ရွာပေါင်း ၇၀ကျော်လျှပ်စစ်မီးလင်းရေးကိုမည်သည့်အချိန်တွင် စတင်ဆောင်ရွက်မည်နှင့် စပ်လျဉ်းသည့် မေးခွန်း

2021-01-02

မိမိတို့ ဒီပဲယင်းမြို့နယ်အတွင်းရှိ ကျေးရွာအားလုံးနီးပါး မီးလင်းရန် စီမံချက်ရှိကြောင်း ကြားသိရသည့်အတွက်ဦးဝင်းမြင့်အောင် ဝမ်းမြောက်ဝမ်းသာဖြစ်ရပါကြောင်း၊ လျှပ်စစ်နှင့် ခေတ်သစ်နိုင်ငံ ထူထောင်နိုင်မည်ဆိုပါက သဘာဝပတ်ဝန်းကျင် ကိုလည်း ကောင်းကောင်း ထိန်းသိမ်းနိုင်မည်ဖြစ် သည့်အပြင်  ကျေးရွာများတွင် အသေးစား၊ အလတ်စား စက်မှုလုပ်ငန်းများလည်း ထွန်းကားလာ မည်ဖြစ်ပါကြောင်း၊ မိမိတို့မြို့နယ်တွင် ကျေးရွာပေါင်း ၁၉၇ ရွာရှိသည့်အနက် ကျေးရွာ ၃၀ ကျော် သည် မီးလင်းအိမ်တွင် ပါဝင်ပါကြောင်း၊ ပထမ LED စီမံချက်ဖြစ်ပြီး ဒုတိယစီမံချက်အရ နိုင်ငံတကာချေးငွေအကူအညီဖြင့် နောက်ထပ်ရွာပေါင်း ၇၀ ကျော် လျှပ်စစ်မီး သွယ်တန်းခွင့် ရမည်ဖြစ်သည်ဟု လေ့လာသိရှိရပါကြောင်း၊

လျှပ်စစ်မီးသွယ်တန်းချိတ်ဆက်သည့်အလုပ်သည် မိမိတို့မြို့နယ်တွင် သိသိသာသာ နှေးကွေး နေပါကြောင်း၊ လျှပ်စစ်မီးသွယ်တန်းချိတ်ဆက်ခွင့်လိုင်းကြေးနှင့်ပက်သက်၍ တစ်ရွာတစ်ရွာကို သိန်း ၁၀၀၊ ၁၅၀ ပေးခဲ့ရပါကြောင်း၊ အများကျေးရွာ ၂၄ နာရီလျှပ်စစ် မီးလင်းပွဲတွင် တိုင်း ဒေသကြီးလျှပ်စစ်ဝန်ကြီး၊ တိုင်းဒေသကြီးလျှပ်စစ်ဌာနနှင့် မိမိတို့ သွားရောက်ခဲ့ကြပြီး လျှပ်စစ် မီးလိုင်းနှင့် နှစ်မိုင်အတွင်းရှိ ရွာတွေအားလုံး လျှပ်စစ်သွယ်တန်းခွင့်ရရှိမည်ဖြစ်ပြီး ကျေးရွာတွင်း မီးလိုင်းများအတွက် ကျေးရွာက တာဝန်ယူ၍  မိမိအိမ်အတွက် ကုန်ကျစရိတ်ကို မိမိက ကျခံရဖြစ်ပြီး နိုင်ငံတော်အစိုးရက လိုအပ်သော ထရန်စဖော်မာတစ်လုံးနှင့် ၁၁ ကေဗွီကြိုးလိုင်းကို ရွာအရောက်ပေးမည်ဟူ၍ ပြည်သူလူထုကို အသိပေးကြေညာခဲ့ကြောင်း၊

မိမိတို့လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ပြည်သူများကြားကို လွှတ်တော်အတွေ့အကြုံ ရှင်းလင်းရန် ကွင်းဆင်းရာတွင် ပြည်သူများက လျှပ်စစ်မီးနှင့်ပတ်သက်လို့ ရွာတွင်းမီးလိုင်းများ ဆောင်ရွက်ပြီးစီးပြီဖြစ်ပြီး အိမ်များသို့ သွယ်တန်း ရန်ပုံငွေတွေလည်း ကောက်ခံပြီးဖြစ်ပါကြောင်း၊ တချို့ရွာများတွင် အိမ်ခြေ ၅၀ ကျော်လောက် မီးလင်း နေပြီး ကျန်ရှိအိမ်များက လျှပ်စစ် မီးလိုချင်သော်လည်း ကျေးရွာမီးလင်းရေးကော်မတီက ၇ သိန်း အောက်မလျှော့နိုင်ပါ ဟူ၍ သိရှိ ရပြီး ကြေးလျော့နိုင်ပါလျက်နှင့် မည်သည့်အတွက်ကြောင့် ကြေးမလျော့ရသလဲဟု လည်းကောင်း၊ အချို့ရွာများတွင် မီးလင်းရေးအတွက် လေး၊ ငါးသိန်း ထည့်ဝင်ခဲ့သည်မှာ သုံး၊ လေးနှစ် ရှိသော်လည်း အခုထိ မီးမလင်းနိုင်သေးသည့်အကြောင်းကိုလည်းကောင်း မေးမြန်းကြ ပါကြောင်း၊ မီးလင်းပြီးသားရွာတချို့တွင်လည် မီးဖြတ်ထား၍ ငွေထပ်တောင်းနေခြင်း၊ မီးလိုင်းအသစ်ဆွဲမည့် ရွာများတွင် မီးလိုင်းကြေးခမပေးလျှင် ဖြတ်သန်းခွင့်မပေးနိုင်ခြင်း စသည့်ကိစ္စရပ်များဖြင့် ရှုပ်ထွေးနေပါကြောင်း၊  ထိုသို့ စာရင်းရှုပ်သည့် ရွာများက တိုင်သည့်အတွက် တိုင်းဒေသကြီး အစိုးရက စစ်ဆေးရေးအဖွဲ့တွေကို ဖွဲ့ပြီးစစ်ဆေးစေပြီး တွေ့ရှိချက် ကိုးချက်ကိုလည်း ပြန်လည်ပြောပြကြပါကြောင်း၊ လျှပ်စစ်ဦးစီးဌာနက လျှပ်စစ်မီးတည်ဆောက်ရေးကုမ္ပဏီက ဥပဒေနှင့် ညီ/မညီ၊ စည်းကမ်းချက်တွေကို လိုက်နာဆောင်ရွက်ခြင်းရှိ/မရှိ စသည်တို့ကို ပြည်သူများထံသို့ ရှင်းရှင်းလင်းလင်း ချမပြပါသည့်အပြင် ကျေးရွာများသို့ သွားတိုင်း မြို့နယ်လျှပ်စစ်ကိုခေါ်ယူရာတွင်လည်း လာရောက်ခြင်းမရှိပါကြောင်း၊

တာဝန်ရှိသူများအနေဖြင့် သွယ်တန်းခဲ့သောကုမ္ပဏီ၊ ကျေးရွာမီးလင်းရေး ကော်မတီနှင့် ပြည်သူတွေကြားမှာ စေ့စပ်ညှိနှိုင်းပြီး လုပ်ငန်းပြီးမြောက်ရန် တိုင်းအစိုးရအနေဖြင့် တွန်းအား ပေးသင့်ပါကြောင်း၊ ကျေးရွာမီးလင်းရေးကော်မတီများကို အများကတင်သည့်နည်းဖြင့် ပြင်ဆင် ဖွဲ့စည်းသင့် သည်ဟု အကြံပြုလိုပါကြောင်း၊

ပထမစီမံချက်မှ ပြဿနာများကို သင်ခန်းစာယူပြီး ဒုတိယစီမံချက်အရ လျှပ်စစ်မီးလင်းရေး ဆောင်ရွက်သည့်အခါ ခွင့်ပြုမြို့ရရှိသူမျ‌ားသည် ဥပဒေက ထုတ်ပြန်ထားသော နည်းဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများနှင့် လုပ်ထုံးလုပ်နည်းများတွင်ပါရှိသည့် လျှပ်စစ်ဆိုင်ရာပစ္စည်း ကိရိယာ များသည် အရည်အသွေးနှင့် စံချိန်စံညွှန်းဆိုင်ရာ သတ်မှတ်ချက်များကို လိုက်နာစေရန်၊ အစိုးရ အနေဖြင့် ထိရောက်စွာ ကွပ်ကဲကြီးကြပ်ပေးစေလိုပါကြောင်း၊ထို့နောက် ဒီပဲယင်းမြို့နယ်အတွင်းရှိ ကျေးရွာများတွင် နိုင်ငံတကာပံ့ပိုးမှုချေးငွေဖြင့် ဒုတိယစီမံချက်ဖြစ်သော 33 KV လျှပ်စစ် ဓာတ်အားခွဲရုံတည်ဆောက်ပြီး ရွာပေါင်း ၇၀ ကျော် လျှပ်စစ်မီးလင်းရေးကို မည်သည့် အချိန်တွင် စတင်ဆောင်ရွက်မည်ဆိုသည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။