(ဂ)-မြန်မာနိုင်ငံအတွင်း လုံခြုံရေးအရထားရှိသည့် မြို့ဝင်၊ မြို့ထွက် ဂိတ်များမှအပ ကျန်ဒေသ များရှိ မြို့ဝင်၊ မြို့ထွက် ဂိတ်များကို ရုပ်သိမ်းပေးရန်အစီ အစဉ်ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

2021-01-02

ဦးဝင်းမြင့်အောင် (ဒီပဲယင်း)စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာ-မန္တလေးပြည်ထောင်စု လမ်းမကြီးပေါ်မှာ လမ်းသုံးစွဲခ ကောက်ခံနေသော Toll Gate ကြီး သုံးခုမှအပ အခြားဂိတ်များ မရှိပါကြောင်း၊ ယနေ့ခေတ် အသုံးပြုနေသော မော်တော်ဆိုင်ကယ်များကိုလည်း ဂိတ်မှငွေကောက်ခံခြင်း မရှိပါကြောင်း၊ ဘုတလင်၊ ဒီပဲယင်း၊ ရေဦး ကိုဖြတ်သန်းသွားသည့် ပြည်ထောင်စုလမ်းမကြီးပေါ်တွင် မုံရွာ-ရေဦး မိုင် ၅၀ အတွင်း ဘုတလင်မြို့နယ်၌  Toll Gate ရှိသည့်အပြင် မြို့ဝင်ဂိတ်လည်း ထားပါကြောင်း၊ ထော်လာဂျီများ၊  ကားများ၊ မော်တော်ဆိုင်ကယ်များကိုလည်း ပိုက်ဆံကောက်ပါကြောင်း၊ ဒီပဲယင်းတွင်လည်း ဂိတ်များရှိပါကြောင်း၊ ရေဦးမြို့ဘက်အထွက်တွင် သုံးဂိတ်ရှိပြီး ရေဦးမြို့တွင်လည်း ဂိတ်နှစ်ဆင့်ရှိပါကြောင်း၊ ခင်ဦးဘက်တွင် ဂိတ် နှစ်ဆင့်ရှိပြီး ရွှေဘို၌ ဂိတ်သုံးမထားသော်လည်း ဆိပ်ခွန်မှအဝင် ညောင်ပင်သာအဝင်လမ်းများတွင် လူငယ်လေးများ တန်းစီပြီး လိုက်ကောက်ပါကြောင်း၊ ဝက်လက်တွင်လည်း ၆ ဂိတ် ရှိပါကြောင်း၊

မန္တလေး-မုံရွာလမ်းမကြီးနှင့် မုံရွာ-ရေဦးလမ်းမကြီးပေါ်တွင် ခရီးသွားလာနေကြသော ဆိုင်ကယ်စီး မိဘပြည်သူများကို နှိုင်းယှည်ကြည့်မည်ဆိုပါက ဖွဲ့စည်းပုံအခြေခံဥပဒေ အခြေခံမူများတွင် နိုင်ငံတော်၌ တရားမျှတခြင်း၊ လွတ်လပ်ခြင်းနှင့် ညီမျှခြင်းတည်းဟူသော လောကတရားများ ပိုမိုထွန်းကားတိုးတက်ရေးဆိုသည့်အချက်သည် တိမ်းစောင်းနေသည်ကို တွေ့ရပါကြောင်း၊ နိုင်ငံသားများ၏ မူလအခွင့်အရေးတွင်လည်း နိုင်ငံတော်သည် မည်သူ့ကိုမဆို ဥပဒေအရာတွင် တန်းတူညီမျှအခွင့်အရေး ရရှိစေရမည်ဟု ပြဋ္ဌာန်းထားသည့်အတွက် ပုဒ်မ ၃၄၇ နှင့်လည်း ညီညွတ်မှု မရှိပါကြောင်း၊ နိုင်ငံတော်မှ ဈေးကွက်စီးပွား ရေးစနစ်ကျင့်သုံးနေသည့်အတွက် နယ်စပ်ဒေသများမှ အပ နိုင်ငံတော်၏ စီးပွားရေးအတွက် ဂိတ် မလိုအပ်ပါကြောင်း၊ မိမိတို့ဒေသသည် တည်ငြိမ်အေးချမ်းသောကြောင့် လုံခြုံရေးအတွက်လည်း ဂိတ်မလိုပါကြောင်း၊ သို့ဖြစ်ပါ၍ ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရအနေဖြင့် လုံခြုံရေးအရထားရှိသော မြို့ဝင်၊ မြို့ထွက်ဂိတ်များအပ ကျန်ဒေသများရှိ မြို့ဝင်၊ မြို့ထွက်ဂိတ်များကို ရုပ်သိမ်းပေးရန် အစီအစဉ်ရှိ/မရှိနှင့် မည်သည့်အချိန်တွင် ရုပ်သိမ်းမည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။