ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၅)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (၁၁)ရက်မြောက်နေ့ အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်

2021-01-02

Description: C:\Users\user\Desktop\1.1.1.jpg ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၅)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (၁၁)ရက်မြောက်နေ့

အစည်းအဝေးမှတ်တမ်းအကျဉ်းချုပ်

( ၂၀၂၀ ပြည့်နှစ်၊ မတ်လ  ၆  ရက် )

၁။       ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၅)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (၁၁)ရက်မြောက်နေ့ကို ၂၀၂၀  ပြည့်နှစ်၊ မတ်လ ၆ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် စတင်ကျင်းပပြီး တက်ရောက်ခွင့်ရှိသူ လွှတ်တော်ကိုယ်စားလှယ် ( ၄၃၁ )ဦး အနက် ( ၄၀၀ )ဦး တက်ရောက်သည်။

၂။       လွှတ်တော်အစည်းအဝေးတွင် ပြုလုပ်ခဲ့သည့် ဆောင်ရွက်ချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

         (က)    ကြယ်ပွင့်ပြမေးခွန်း (၆)ခု မေးမြန်းဖြေကြားခြင်း 

                (၁)   ဦးစောတင်ဝင်း၊ ကြာအင်းဆိပ်ကြီး မဲဆန္ဒနယ်က မေးမြန်းသော မြန်မာနိုင်ငံ၌ အဓမ္မလုပ်အားခိုင်းစေခြင်း လုံးဝပပျောက်စေရန် အဓမ္မလုပ်အားခိုင်းစေမှု ပပျောက်ရေး အမျိုးသားအဆင့် တိုင်ကြားရေးယန္တရားနှင့်ပတ်သက်၍ ဆောင်ရွက် ထားရှိမှုအခြေအနေကို သိလိုခြင်းမေးခွန်းနှင့်စပ်လျဉ်း၍ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်ကြိုင်က အမျိုးသားအဆင့် အဓမ္မခိုင်းစေမှုဆိုင်ရာတိုင်ကြားမှုယန္တရား(NCM) ထူထောင်ဆဲ ကာလတွင် ပြည်ထောင်စုဝန်ကြီးမှ ဦးဆောင်၍ သက်ဆိုင်ရာဝန်ကြီးဌာန(၁၀)ခုမှ ကိုယ်စားလှယ်(၂၂)ဦးဖြင့် ဖွဲ့စည်းထားသော အလုပ်သမားရေးရာ ပူးပေါင်း ဆောင်ရွက်ရေးလုပ်ငန်းကော်မတီ(HLWG)မှ ကြားကာလယန္တရားအဖြစ် တာဝန်ယူ ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်ကြားမှုယန္တရားကို ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလမှ စတင်လည်ပတ်နေပြီဖြစ်ရာ အများပြည်သူသိရှိနိုင်ရေး မြန်မာ့ရုပ်မြင်သံကြား၊ မြန်မာ့အသံရေဒီယို၊ FM ရေဒီယိုနှင့် နေ့စဉ်ထုတ်သတင်းစာများတွင် အသိပေး ကြေညာလျက်ရှိပါကြောင်းနှင့် အမျိုးသားအဆင့် တိုင်ကြားမှုယန္တရားကို တာဝန်ယူ တာဝန်ခံမှု၊ ပွင့်လင်းမြင်သာမှုတို့ဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများက ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း  ပြန်လည်ဖြေကြားခဲ့သည်။

           (၂)   ဦးလှထွန်းကျော်၊ မောင်တော မဲဆန္ဒနယ်က  မေးမြန်းသော မောင်တောမြို့၊ (၄)မိုင် ရပ်ကွက်ရှိ အ.လ.က(၂) အခြေခံပညာအထက်တန်းကျောင်း(ခွဲ)အား အခြေခံပညာ အထက်တန်းကျောင်းအဆင့် တိုးမြှင့်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက  ယခု ၂၀၂၀-၂၀၂၁ ပညာသင်နှစ်တွင် အဆင့်တိုးမြှင့်ပေးရန် ဦးစားပေးအစီအစဉ် မရှိပါကြောင်းနှင့် အခြေခံပညာအထက်တန်း ပညာရပ်များကို လက်ရှိတွင် သင်ကြားနေသည့် အခွင့်အလမ်းရှိနေပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

          (‌၃)   ဒေါက်တာဒေါ်အေဇင်လတ်၊ ရွှေဘို မဲဆန္ဒနယ်က မေးမြန်းသော ကမ်းပါးထိန်း လုပ်ငန်းများအတွက် အကျိုးရှိမှုသေချာပြီး ကုန်ကျစရိတ်နည်းပါးသော ဗက်တီဗာ မြက်အား နိုင်ငံတော်အစိုးရ၏ စီစဉ်မှုဖြင့် စီမံစိုက်ပျိုးပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးက ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် ဗက်တီဗာမြက်ပင်များကို စမ်းသပ်စိုက်ပျိုးခဲ့ရာ အောင်မြင်မှု မရရှိခဲ့သည့်အတွက် ဆက်လက်စိုက်ပျိုးခြင်းမရှိတော့ဘဲ ဒေသခံ ပြည်သူတို့၏ အတွေ့အကြုံ၊ အကြံဉာဏ်များရယူကာ ကုန်ကျစရိတ်သက်သာပြီး ကမ်းပြိုကမ်းစားမှုမှ အထိုက်အလျောက် ကာကွယ်စေနိုင်မည့် ကိုင်းပင်၊ ရေဆူး ပုတ်ပင်၊ လမုပင်နှင့် မိုးမခပင် စသည့် ဒေသနှင့်သင့်လျော်သည့် အပင်များ စိုက်ပျိုး ဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။     

           (၄)   ဒေါ်နန်းမိုး၊ မန်တုံ မဲဆန္ဒနယ်က မေးမြန်းသော လုပ်ငန်းလိုင်စင်ပြုလုပ်ခြင်းအား One Stop Service ပြုလုပ်ပေးရန် အစီ အစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ စီမံကိန်း၊ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမင်းရဲပိုင်ဟိန်းက သက်ဆိုင်ရာဌာနများအနေဖြင့် လုပ်ငန်းမှတ်ပုံတင်နှင့် လိုင်စင်များလျှောက်ထား ရာတွင် အချိန်ကြန့်ကြာမှုမရှိစေဘဲ မြန်ဆန်စွာထုတ်ပေးနိုင်ရန်အတွက် အချိန်နှင့် တစ်ပြေးညီ ဆောင်ရွက်ပေးလျက်ရှိပြီး လတ်တလောအနေဖြင့် နေ့ချင်းပြီး One Stop Service ပြုလုပ် ပေးနိုင်ခြင်းမရှိသေးသော်လည်း ပိုမိုမြန်ဆန်ထိရောက်သည့် လုပ်ငန်းမှတ်ပုံတင်နှင့် လိုင်စင်ထုတ်ပေးသည့် စနစ်တစ်ရပ် အမြန်ဆုံးပေါ်ပေါက် ရေးအတွက် သက်ဆိုင်ရာဌာနများမှ  စံပြုလုပ်ထုံးလုပ်နည်း (Standard Operation Procedures)များ ရေးဆွဲရာတွင် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

          (၅) ဦးနေလင်းထွန်း၊ ဘုတ်ပြင်း မဲဆန္ဒနယ်က မေးမြန်းသော ဘုတ်ပြင်းမြို့နယ်၊ အလယ်မာန်ကျေးရွာအုပ်စုတွင် ယခင် အမှတ်(၁) စက်မှုဝန်ကြီးဌာနမှ သိမ်းယူ ခဲ့သော မြေဧရိယာအတွင်းပါဝင်သည့် အလယ်မာန်ရွာဟောင်း ကျေးရွာမြေနေရာအား သိမ်းယူထားခြင်းမှ ပယ်ဖျက်၍ ကျေးရွာပိုင်မြေအဖြစ် ပြန်လည်တိုင်းတာ သတ်မှတ် ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှု ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမင်းရဲပိုင်ဟိန်းက ဌာနအနေဖြင့် ပြန်လည် စွန့်လွှတ်ပေးနိုင်ခြင်း မရှိသေးပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

     (၆) ဒေါ်အေးအေးမူ(ခ)ဒေါ်ရှားမီး၊ ကလေး မဲဆန္ဒနယ်က မေးမြန်းသော တစ်နိုင်ငံလုံးရှိ အထွေထွေရောဂါကုဆေးရုံကြီးများတွင် ခွဲစိတ်ခန်းကြီးကြပ်မှုကော်မတီ ဖွဲ့စည်းရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က ပြည်သူ့ဆေးရုံများတွင် ဆေးရုံများစီမံ ခန့်ခွဲမှုအတွက် ဆေးရုံစီမံခန့်ခွဲမှုလက်စွဲစာအုပ်ကို ၂၀၁၁ ခုနှစ်တွင် နောက်ဆုံး ထွက်ရှိထားပြီး ၎င်းစာအုပ်တွင် ခွဲစိတ်ခန်းကြီးကြပ်မှုကော်မတီ (Opetation the Supervisory Committee) ဖွဲ့စည်းရန်အတွက် လမ်းညွှန်ထားပါကြောင်း၊ ဆေးရုံ စီမံခန့်ခွဲမှုလက်စွဲကို ဆွေးနွေးပွဲများပြုလုပ်၍ ခေတ်စနစ်နှင့်အညီ ပြင်ဆင် ဆောင်ရွက်လျက်ရှိရာ ၂၀၂၀ ပြည့်နှစ်အတွင်း ပြင်ဆင်ထုတ်ဝေနိုင်မည်ဖြစ်သဖြင့် ရိုက်နှိပ်ပြီးသည့်အခါ ပြည်သူ့ဆေးရုံများသို့ဖြန့်ဝေ၍ လိုက်နာနိုင်ရေး ဆောင်ရွက်ရန် စီစဉ်ထားရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

         (ခ)  အဆို(၂)ခုတင်သွင်းခြင်း

           (၁)   အသစ်ထွက်ပေါ်လာသော‌ ဆေးရွက်ကြီးအသုံးပြုမှုနှင့် ဆက်စပ်ပစ္စည်းများဖြစ်သည့် e-cigarettes (Electronic Nicotine Delivery System) ဆေးရွက်ထွက် ပစ္စည်းကို အပူပေးပြီး အငွေ့ရှူသောပစ္စည်း (Heated Tobacco Product or Heat-not-burn-product) နှင့် ဆေးရွက်ကြီးနှင့်ဆက်စပ်ပစ္စည်းများကို ရောနှော ထည့်သွင်း ရှူသုံးရသည့် ရေပြောင်း (Water Pipe) များကို ထိန်းချုပ်တားဆီးရန် နိုင်ငံတော်အစိုးရအား တိုက်တွန်းကြောင်းအဆိုကို ဒေါက်တာဦးစံရွှေဝင်း၊ ရေကြည် မဲဆန္ဒနယ်က တင်သွင်းပြီး ဦးအေးဝင်း၊ အင်္ဂပူ မဲဆန္ဒနယ်က ထောက်ခံခဲ့သည်။ အဆိုအား ဆက်လက်ဆွေးနွေးရန် လွှတ်တော်ကဆုံးဖြတ်ခဲ့သဖြင့် ဆွေးနွေးလိုသော လွှတ်တော်ကိုယ်စားလှယ်များက ၁၀-၃-၂၀၂၀ ရက် (အင်္ဂါနေ့) ညနေ ၄ နာရီ နောက်ဆုံးထား၍ အမည်စာရင်းတင်သွင်းရန်ဖြစ်သည်။

         (၂)  ပုဂ္ဂလိက ပြင်ပဆေးကုခန်း ဆရာဝန်(G.P General Practitioner- အထွေထွေ ရောဂါကုဆရာဝန်)များ၊ အခြားကျန်းမာရေးဆိုင်ရာပညာရှင်များနှင့် ဒေသတွင်း စိတ်ပါဝင်စားသူများ ပါဝင်သည့် စား၊ သုံး၊ နေထိုင်မှုဆိုင်ရာ ကျန်းမာရေးအသိ ပညာပေးအဖွဲ့ ကဲ့သို့သော အဖွဲ့များဖွဲ့စည်း၍ ပြည်သူလူထုအတွင်း ကျန်းမာရေး ဆိုင်ရာအသိပညာများ ထိထိရောက်ရောက်၊ ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေပေးခြင်းဖြင့် ပြည်သူလူထု၏ ကျန်းမာရေးအဆင့်အတန်း မြှင့်တင်ပေးပါရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်းအဆိုကို ဒေါက်တာဦးအေးမင်း၊ ခရမ်း မဲဆန္ဒနယ်က တင်သွင်းပြီး ဦးမြင့်ဝေ၊ ဂွ မဲဆန္ဒနယ်က ထောက်ခံခဲ့သည်။ အဆိုအား ဆက်လက် ဆွေးနွေးရန် လွှတ်တော်က ဆုံးဖြတ်ခဲ့သဖြင့် ဆွေးနွေးလိုသော လွှတ်တော် ကိုယ်စားလှယ်များက ၁၀-၃-၂၀၂၀ ရက် (အင်္ဂါနေ့) ညနေ ၄ နာရီ နောက်ဆုံးထား၍ အမည်စာရင်းတင်သွင်းရန်ဖြစ်သည်။     

        (ဂ) ဥပဒေကြမ်း(၂)ခု နှင့်စပ်လျဉ်း၍ လွှတ်တော်၏အဆုံးအဖြတ်ရယူခြင်း

     (၁) အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာသော စက်မှုဇုန် ဥပဒေကြမ်း နှင့်စပ်လျဉ်း၍ အမျိုးသားလွှတ် တော်၏ ပြင်ဆင်ချက်များအတိုင်း သဘောမတူဘဲ ပြည်သူ့လွှတ်တော်၏ ယခင်အတည်ပြုချက်အတိုင်း ထားရှိသင့်သည့် အချက်(၁၉)ချက်နှင့်စပ်လျဉ်း၍ သဘောကွဲလွဲခြင်းကို ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးဆုံးဖြတ်ရန် တင်ပြမည်ဖြစ်ကြောင်းနှင့် ၂၀၁၃ ခုနှစ်၊ ပြည်သူ့လွှတ်တော် ဆိုင်ရာနည်းဥပဒေ ၁၉၅၊ နည်းဥပဒေခွဲ(က) နှင့် (ခ)တို့အရ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

     (၂)   အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာသော မြန်မာနိုင်ငံ ဆေးကောင်စီဥပဒေကို ပြင်ဆင်သည့် ဥပဒေ ကြမ်း နှင့်စပ်လျဉ်း၍ အမျိုးသား လွှတ်တော်၏ ပြင်ဆင်ချက်များအနက် ဥပဒေကြမ်းကော်မတီ၏ ထပ်မံပြင်ဆင်ချက် (၆)ချက်နှင့် အမျိုးသားလွှတ်တော်၏ ပြင်ဆင်ချက်များအတိုင်း သဘောမတူဘဲ ပြည်သူ့လွှတ်တော်၏ ယခင် အတည်ပြုချက် အတိုင်းထားရှိသင့်သည့် အချက် (၃)ချက် စုစုပေါင်း(၉)ချက်နှင့်စပ်လျဉ်း၍ သဘောကွဲလွဲခြင်းကို ပြည်ထောင်စု လွှတ်တော်တွင် ဆွေးနွေးဆုံးဖြတ်ရန် တင်ပြမည်ဖြစ်ကြောင်းနှင့် ၂၀၁၃ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၉၅၊ နည်းဥပဒေခွဲ(က)နှင့်(ခ)တို့အရ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

        ( ဃ )  နည်းဥပဒေ(၂)ခု လက်ခံရရှိကြောင်း လွှတ်တော်သို့အသိပေးခြင်း

          အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်မရှိ ပြန်လည်ပေးပို့လာသော အမှုတွဲမိတ္တူကူးခြင်း ဆိုင်ရာ နည်းဥပဒေများ နှင့် တိုင်းရင်း သားလူမျိုးများ၏ အခွင့်အရေး ကာကွယ် စောင့်ရှောက်သည့် နည်းဥပဒေများ တို့နှင့်စပ်လျဉ်း၍ လက်ခံရရှိကြောင်းနှင့် ၂၀၁၃ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၉၂၊ နည်းဥပဒေခွဲ(ဂ)နှင့်(ဃ)တို့အရ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

၃။     ပြည်သူ့လွှတ်တော် အစည်းအဝေးကို နေ့လယ် ၁၂ နာရီ ၅ မိနစ်တွင် ရပ်နားပြီး ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၂)ရက်မြောက်နေ့ ကျင်းပမည့်ရက်နှင့် အချိန် ထပ်မံကြေညာမည်ဖြစ်ပါသည်။