(ဆ)-ဟုမ္မလင်းမြို့နယ်အတွင်းရှိနန့်နစ်၊ပါဟုတ်ကြီး ၊တောင်ဦး၊ရေပေါ်မီး၊နန့်သာ၊စေတီဆိပ်အ.လ.က (ခွဲ) ကျောင်းများကိုအလယ်တန်းကျောင်းအဆင့်တိုး ချဲ့ဖွင့်လှစ်ပေးပါရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်း သည့် မေးခွန်း

2021-01-02

ဦးမျိုးညွန့် (ဟုမ္မလင်း)၅-၅-၂၀၁၆ ရက် ပထမပုံမှန်အစည်းအဝေးတွင် ကျွန်းစုမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၏ ကျောင်းအဆင့်တိုးရေး ကိစ္စနှင့် ပတ်သက်၍ မေးခွန်းအားဝန်ကြီးဖြေကြားရာတွင် အခြေခံပညာအလယ်တန်းနှင့် အခြေခံပညာအထက်တန်းအဆင့် ပညာရေးကို လူတိုင်းလက်လှမ်းမီနိုင်ရန်အတွက် ကျောင်းများကို ဒေသနှင့် ကျောင်းလိုအပ်များအပေါ် ဦးစားပေး၍ စိစစ်ဆောင်ရွက် လျက်ရှိပါကြောင်း ဖြေကြားသွားခြင်းကို အခြေခံ၍ ဟုမ္မလင်းမြို့နယ်၊ နန့်နစ်ကျေးရွာသည် ဟုမ္မလင်းမြို့မှ ၁၄၉ မိုင် ကွာဝေးပြီး လမ်းပန်းဆက်သွယ်ရေးလည်း အလွန်ခက်ခဲပါကြောင်း၊ ရေလမ်းရှိသော်လည်း အန္တရာယ်များပါကြောင်း၊ ဟုမ္မလင်းမှ ၃၈ မိုင်ဝေးသော နန့်တောရွာတွင် အထက်တန်းကျောင်းရှိပြီး ၎င်း၏အထက်ဘက် မိုင်ပေါင်း ၁၁၁ မိုင် အကွာအဝေးရှိ ဥရုမြစ်ကမ်း တစ်လျှောက်တွင် အလယ်တန်းကျောင်းနှင့် အထက်တန်းကျောင်းမရှိဘဲ အ.လ.က (ခွဲ) များသာ ရှိပါကြောင်း၊ ဤဒေသရှိ ကျောင်းသား/ သူများသည် ကျောင်းပြောင်း၍ ဆက်လက်တက်ရန် အလွန်ခက်ခဲပါကြောင်း၊ နန့်တော အ.ထ.က ကျောင်း သို့ ကျောင်းဆက်တက်ရန်လည်း မိုင် ၁၀၀ ကျော်ဝေးပြီး စရိတ်လည်း ကြီးလေးခြင်းကြောင့် ကျောင်း မတက်နိုင်ကြ ဘဲ ကျောင်း ထွက်ကြရပါကြောင်း၊ ၎င်းဒေသနှင့်ဆက်စပ်နေသော ကချင်ပြည်နယ်ဘက်သို့ ကျောင်းဆက်လက် တက်ရန်မှာ လည်း ကျောင်းပြောင်း လက်မှတ်ရယူရန် ပင်ရင်းနန့်တော အ.ထ.က နှင့် မြို့နယ်ကြားပြောင်းအတွက် မြို့နယ်ပြန်ပြီးလက်မှတ်ထိုးရန် ဟုမ္မလင်း လာရသည်မှာလည်း စရိတ်အနည်းဆုံးတစ်သိန်းကျော် ကုန်ကျသည့်အတွက် မလွယ်ကူပါကြောင်း၊ ပညာဆက်လက်သင်ကြားနိုင်ရန်အတွက် အခွင့်အရေးလည်း ဆုံးရှုံးနေကြပါကြောင်း၊ ထို့ကြောင့်  အလယ်တန်း အဆင့်ကျောင်းများရှိပါက အ.ထ.က (ခွဲ) များဖြစ်အောင် ကြိုးစား၍ အထက်တန်းပညာကို ဆက်လက် သင်ကြားနိုင်ရန် ဒေသနေပြည်သူများက မျှော်လင့်နေကြပါကြောင်း၊သို့ပါ၍ ဟုမ္မလင်းမြို့နယ်အတွင်း ဥရုအထက်ပိုင်းဒေသရှိ အဆိုပါကျောင်းများအား အလယ်တန်းကျောင်းအဖြစ် အဆင့်တိုးမြှင့်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် တိုးမြှင့်ပေးမည်ဆိုပါကလည်း မည်သည့်အချိန်တွင် တိုးမြှင့်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။