(စ)-နိုင်ငံတော်အတွက် အခွန်ဘဏ္ဍာငွေများ ပိုမိုရရှိစေရန် ကျောက်မျက်ရတနာ ရောင်းချပွဲ များကို (၂)လလျှင် (၁)ကြိမ်၊ (၁)နှစ်လျှင် (၆) ကြိမ် ကျင်းပပြုလုပ် ပေးရန်အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

2021-01-02

ဦးကျော်အောင်လွင် (စေတုတ္တရာ)နိုင်ငံတော်နှင့်နိုင်ငံသားများပိုင်ဆိုင်သည့် ကမ္ဘာတွင် အရည်အသွေးအမြင့်မားဆုံးနှင့် အကောင်းဆုံး တွင်းထွက်ကျောက်မျက်ရတနာများကို နိုင်ငံတော်နှင့် နိုင်ငံသားများ ပြည့်ပြည့်ဝဝ သုံးဆောင် ခံစားနိုင်ရန်ဖြစ်ပါကြောင်း၊ ကမ္ဘာတွင် ရှားပါးသည့် ပတ္တမြားငမောက်၊ အရည်အသွေးအကောင်းဆုံး ကျောက်စိမ်းတောင်များပိုင်သည့်  မိမိတို့ နိုင်ငံတော်နှင့် နိုင်ငံသားများ ဘယ်လောက် ဆင်းရဲ နေသည်ကို အားလုံးအသိဖြစ်ပါကြောင်း၊ တိုင်းပြည်ဖွံ့ဖြိုးရေးလုပ်ရန် ဘဏ္ဍာငွေမရှိခြင်း၊ စီမံကိန်းများ အကောင်အထည်ဖော်ရန် နိုင်ငံတကာချေးငွေများအပေါ်တွင် မှီခိုနေရပါကြောင်း၊ ဘတ်ဂျက် လိုငွေပြနေခြင်းများသည် ပကတိအခြေအနေများဖြစ်ပါကြောင်း၊ ထို့ကြောင့်‌ တိုင်းပြည်ဖွံ့ဖြိုးရေးများ ဖော်ဆောင်နိုင်ရန်အတွက် ဘဏ္ဍာငွေများလုံလောက်စွာရရှိရန် အတွက် နိုင်ငံ၏ သယံဇာတများကို စနစ်တကျ စီမံခန့်ခွဲထုတ်လုပ်ရောင်းချမှုများသည် အဓိကကျအရေးကြီးပါကြောင်း၊

မိမိတို့နိုင်ငံတွင် ကျောက်မျက် ရတနာပြပွဲများကို တစ်နှစ်တွင်နှစ်ကြိမ်ခန့် ကျင်းပပါကြောင်း၊ ၂၀၁၃-၁၄ ခုနှစ် စာရင်းအရ ကျောက်မျက်ရတနာပြပွဲ နှစ်ကြိမ်ကျင်းပခဲ့ရာတွင် ကျောက်မျက် ၂၃၆၁၁၇၂ ကာရက်၊ ကျောက်စိမ်း ၆၂၄၅ တန် စုစုပေါင်း မြန်မာငွေကျပ်သန်းပေါင်း ၁၄၇၁၁၃၀ အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၅၃၁.၆၁ ရရှိခဲ့ပါကြောင်း၊ အခွန်ငွေမှ ၂၀၁၃-၁၄ ခုနှစ်တွင် ကျောက်မျက်နှင့် ကျောက်စိမ်း တွင် မြန်မာငွေကျပ်သန်းပေါင်း ၃၈၈၇၆၇ ရရှိခဲ့ပါကြောင်း၊  ပြီးခဲ့သည့် သြဂုတ်လ ပထမအပတ်တွင်ကျင်းပခဲ့သည့် (၅၄)ကြိမ်မြောက် ကျောက်မျက်ရတနာပြပွဲတွင် ကျောက်မျက်အတွဲ ၁၀၅ တွဲ၊ ယူရို ၃.၀၆၈ သန်း၊ ကျောက်စိမ်းတွဲ ၅၀၉၁ တွဲ ယူရို ၅၁၃.၄၃၇ သန်း စုစုပေါင်းရောင်းရငွေ ယူရို ၅၁၆.၅၀၅ သန်း ရရှိခဲ့ ပါကြောင်း၊ မိမိတို့နိုင်ငံတွင် ကျောက်မျက်ရတနာပြပွဲများကို တစ်နှစ်တွင် နှစ်ကြိမ်သာ ကျင်းပ နိုင်သော်လည်း တစ်ဖက်နိုင်ငံတွင် မိမိတို့နိုင်ငံ၏ အကောင်းဆုံးကျောက်စိမ်းများနှင့် ကျောက်မျက် ကုမ္ပဏီကြီးများသည် တစ်လတစ်ကြိမ် ပြပွဲများပြုလုပ်ရောင်းချပြီး ကမ္ဘာ့ကျောက်စိမ်းဈေးကွက်ကြီး အဖြစ် အကျိုးအမြတ်များစွာ ရရှိနေပါကြောင်း၊ မိမိတို့နိုင်ငံသည် မည်သည့်အခွန်အခ၊ အကျိုးအမြတ်မှမရရှိသည့်အတွက် နစ်နာပါကြောင်း၊ ပြည်တွင်းတွင်လည်း ကျောက်မျက်ကုမ္ပဏီကြီးများသည် ၎င်းတို့၏အိမ်၊ ကုမ္ပဏီများတွင် ပြပွဲများပြုလုပ်ပြီး ကျောက်စိမ်းများ ရောင်းချနေခြင်းသည် နိုင်ငံတော်အတွက် ထိုက်တန်သည့် အခွန်ဘဏ္ဍာရရှိခြင်း ရှိ/မရှိသည် မေးခွန်းထုတ်စရာဖြစ်နေပါကြောင်း၊  နိုင်ငံတော် ကျောက်မျက်ပြပွဲတစ်ခုတွင် ကျောက်စိမ်း Lot ခြောက်ထောင်ကျော်သာ တင်ပြရောင်းချနေပြီး ကျောက်စိမ်းကုမ္ပဏီများ၏လက်တွင် တူးဖော်ပြီး ကျောက်စိမ်း Lot နှစ်သိန်းကျော်ရှိနေနိုင်သည်ဟု  ခန့်မှန်းရပါကြောင်း၊ ထို့ကြောင့် နိုင်ငံ့ဘဏ္ဍာငွေတိုးတက်ရရှိစေရန်အတွက် ကျောက်ကုမ္ပဏီကြီးများ ပြင်ပတွင် တရားမဝင်ရောင်းဝယ်မှုလျော့နည်းစေရန်နှင့် တစ်ဖက်နိုင်ငံသို့ တရားမဝင်ခိုးထုတ် ရောင်းဝယ်မှု လျှော့ချရန်၊ မြန်မာနိုင်ငံတွင် ကျောက်မျက်ဈေးကွက်ဖွံ့ဖြိုးပြီး နိုင်ငံတော်နှင့်နိုင်ငံသားများ ပြည့်ပြည့်ဝဝ အကျိုးခံစားနိုင်ရန် ၊ နိုင်ငံတော်အတွက် အခွန်ဘဏ္ဍာငွေများ ပိုမိုရရှိ၍ ကျောက်မျက် ရတနာပြပွဲများကို နှစ်လလျှင်တစ်ကြိမ်၊ တစ်နှစ်လျှင်ခြောက်ကြိမ် ကျင်းပပြုလုပ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် မရှိပါက မည်သည့်အတွက်ကြောင်‌့ဆိုသည်ကို သိလိုပါကြောင်း မေးမြန်းပါသည်။