(စ)-တက္ကသိုလ်များအတွက်ပဋိညာဉ်နှင့်တက္ကသိုလ် အားလုံးကိုလွှမ်းခြုံသောပဋိညာဉ်ရေးဆွဲရေးအတွက် မည်သည့် အချိန်တွင် တည်ထောင်ပြီးစီးမည်နှင့် သမိုင်းဝင် ကျောင်းသားသမဂ္ဂ အဆောက်အဦကို တည်ဆောက်ရန် အစီအစဉ် ရှိ၊ မရှိ နှင့်စပ်လျဉ်း သည့်မေးခွန်း
အမျိုးသား ပညာရေးဥပဒေကို ပြည်ထောင်စုလွှတ်တော်က ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့ပြီး အဆိုပါဥပဒေထဲတွင် ကျောင်းသားသမဂ္ဂနှင့် ပတ်သက်ပြီး ဖော်ပြထားခြင်းမရှိခဲ့ပါကြောင်း၊
အဆိုပါပညာရေး ဥပဒေကို ပြင်ဆင်သည့်ဥပဒေကို ၂၀၁၅ ခုနှစ်၊ ဇွန်လ ၂၅ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့ပြီး ပုဒ်မ ၄ ပုဒ်မခွဲ(ဂ)တွင် အဆင့်မြင့်ပညာကျောင်းများတွင် ဆရာသမဂ္ဂများနှင့် ကျောင်းသားသမဂ္ဂများကို သက်ဆိုင်ရာတက္ကသိုလ် ပဋိညာဉ်စာတမ်းနှင့်အညီ လွတ်လပ်စွာ ဖွဲ့စည်းတည်ထောင်ခွင့်၊ လှုပ်ရှားခွင့် ရရှိရေးလို့ ဖော်ပြပါရှိသည့်အတွက် တက္ကသိုလ် ကျောင်းသား များသမဂ္ဂကို တရားဝင်ဖွဲ့စည်းခွင့်ရပြီဟု ယေဘုယျပြောဆိုနိုင်သော်လည်း သက်ဆိုင်ရာ တက္ကသိုလ်၏ ပဋိညာဉ်စာတမ်းနှင့်အညီဟု ညွှန်းဆိုထားပါကြောင်း၊ ထို့ကြောင့် တက္ကသိုလ် ပဋိညာဉ်စာတမ်းသည် အဆုံးအဖြတ်ဖြစ်နေပါကြောင်း၊ တက္ကသိုလ် ကောင်စီသည်လည်း အဆိုပါ ပဋိညာဉ်စာတမ်းအရ ဖွဲ့စည်းရမည်ဖြစ်သည့်အတွက် တက္ကသိုလ်ပဋိညာဉ် စာတမ်းမရှိသေးသော တက္ကသိုလ်အားလုံးအတွက် ကျောင်းသားသမဂ္ဂတွေဟာ တည်ကာပီမရဖြစ်နေပါကြောင်း၊ ကျောင်းသားသမဂ္ဂဆိုသည်မှာ ဗမာ၊ ချင်း၊ ကချင်၊ ရခိုင် အားလုံး ကျောင်းသား ကျောင်းသူများ အတွက် စာပေ၊ အနုပညာ၊ ဂီတ၊ အားကစား တကယ့်ပန်းဥယျာဉ်ကြီးတစ်ခု၊ ဒီမိုကရေစီကို မြတ်နိုးသော ပညာတတ်လူငယ်များကို မွေးထောင်သော မိခင်ရင်ခွင်ကြီး တစ်ခု၊ ကျောင်းသားများ၏ လွှတ်တော်လည်း ဖြစ်ပါကြောင်း၊ ကျောင်းသားသမဂ္ဂသည် အမှန်တကယ် လိုအပ်သော အဖွဲ့အစည်းတစ်ခုဖြစ်ပါကြောင်း၊ ထို့ကြောင့် (၁) တက္ကသိုလ်တစ်ခုချင်းစီအတွက် ပဋိညာဉ်နှင့် တက္ကသိုလ်အားလုံးကို လွှမ်းခြုံသော ပဋိညာဉ်ရေးဆွဲရေးအတွက် အချိန်မူဘောင်နှင့် တက္ကသိုလ်ကျောင်းသားသမဂ္ဂများအားလုံး မည်သည့်အချိန်တွင် တည်ထောင်ပြီးစီးမည်ကို လည်းကောင်း၊ သမိုင်းဝင်ကျောင်းသားသမဂ္ဂ အဆောက်အဦကို ပြန်လည်တည်ဆောက်ရန် အစီအစဉ်ရှိ/မရှိကိုလည်းကောင်း သိရှိလိုပါကြောင်း မေးမြန်းပါသည်။