(င)-သင်ထောက်ကူ စာသင်ခုံများ၊သင်ပုန်းများ အားကျောင်းသူ၊ ကျောင်းသားဦးရေနှင့်အညီထောက် ပံ့ပေးရန်ဆောင်ရွက်ပေးနိုင်ခြင်းရှိ၊မရှိနှင့်စပ်လျဉ်း သည့်မေးခွန်း

2021-01-02

ဦးခင်ချို(လှိုင်းဘွဲ့ မဲဆန္ဒနယ်) အခြေခံပညာကျောင်းအဆောက်အဦများ ဆောက်လုပ်သည့်နေရာတွင် ပေ ၆၀ x ပေ ၃၀ ကို ကျပ် ၃၆ သန်း၊ ပေ ၉၀ x ပေ ၃၀ ကို ၅၄ သန်း၊ ပေ ၁၂၀ x ပေ ၃၀ ကို ၇၂ သန်းစသည့် သတ်မှတ်နှုန်း များကို တစ်နိုင်ငံလုံးအတွက် Print Area Estimate-PAE နှုန်း တစ်စတုရန်းပေ လျှင် ကျပ်နှစ်သောင်း နှုန်း သတ်မှတ်ထားသည်ကို တွေ့ရှိရပါကြောင်း၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်သည့် ဒေသများ တွင် ဆောက်လုပ်သည့် Constructor များအတွက် အမြတ်အစွန်းများနေသည်ကိုတွေ့ရှိရပြီး လမ်းပန်း ဆက်သွယ်ရေး ခက်ခဲသည့် ပြည်နယ်အစွန်အဖျား များတွင် သယ်ဆောင်ရခက်ခဲသည့်အတွက် ရေတစ်တန် ကုန်းတစ်တန် အဆင့်ဆင့်သယ်ရသည့်အခါများတွင် လေလံဆွဲပြီး လုပ်ချင်သူများ မရှိ သည် ကိုကြုံရပါကြောင်း၊

ဥပမာ ဘိလပ်မြေတစ်အိတ်တန်ဖိုးသည် မြို့ပေါ်တွင် ကျပ် ၅၀၀၀ လောက်သာရှိသော်လည်း သွားလာရခက်ခဲသည့်ဒေသကို ရောက်ရန်အတွက် သယ်ယူစရိတ်သည် ကျပ် ၁၀၀၀၀ လောက် ကုန်ကျသည်ကို တွေ့ရပါကြောင်း၊ ထို့ကြောင့် ကျောင်းအဆောက်အဦတန်ဖိုးများကို ပုံသေမသတ်မှတ် ဘဲသက်ဆိုင်ရာဒေသ Local Rate ပေါ်တွင်အခြေခံတွက်ချက်သည့် တန်ဖိုးပေါ်အခြေခံသတ်မှတ်သင့် သည်ဟုအကြုံပြုလိုပါကြောင်း၊

ကျောင်းအဆောက်အဦဆောက်လုပ်သည့်ပုံစံ၊ ဒီဇိုင်းများသည် စာသင်ခန်းများအတွက် အဓိကထား ရေးဆွဲထားသည်ကို တွေ့ရသည့်အတွက် ဆရာ/ဆရာမများ အတွက်နားနေခန်းမရှိ သဖြင့် အခက်အခဲ ဖြစ်နေသည် ကို တွေ့နေရပါကြောင်း၊ ကျောင်းဆောင်များဆောက်လုပ်ပြီး သင်ထောက်ကူပစ္စည်းများ ဖြစ်သည့်စာသင်ခုံများ၊ သင်ပုန်းများ ၊ အခြားလိုအပ်ချက်များ မပြည့်မစုံဖြစ်နေသည် ကိုလည်းတွေ့ရပါ ကြောင်း၊ ထို့ကြောင့် ဆရာ/ဆရာမ၊ ကျောင်းသူ/ကျောင်းသားများ၏ လိုအပ်ချက်များအတွက် မေးခွန်း (၃)ခုကို မေးလိုခြင်းဖြစ်ပါကြောင်း၊ (၁) ကျောင်းအဆောက်အဦများအတွက်  တန်ဖိုးသတ်မှတ်သည့် အခါ ဒေသအခြေအနေပေါ်မူတည်ပြီး ဒေသဈေးနှုန်း(Local Rate) ပေါ်အခြေခံတွက်ချက်သည့် နှုန်း နှင့် တန်ဖိုး သတ်မှတ်သည့်စနစ် ပြောင်းလဲဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိ၊ (၂) ကျောင်းအဆောက်အဦ ပုံစံ၊ ဒီဇိုင်းများ၊ စာသင်ခန်းများ အပြင်ဆရာ/ဆရာမနားနေခန်းများပါ ထည့်သွင်းတွက်ချက်သည့် ပုံစံ၊ ဒီဇိုင်းပြောင်းလဲ ဆောင်ရွက်ပေးနိုင်ခြင်းရှိ/မရှိနှင့် (၃) ကျောင်းဆောင်သစ်များ ဆောက်လုပ်ပြီးသည် နှင့် တစ်ဆက်တည်း သင်ထောက်ကူပစ္စည်းများဖြစ်သည့် စာသင်ခုံ၊ သင်ပုန်းစသည့် သင်ထောက်ကူ ပစ္စည်းများကို ကျောင်းအမျိုးအစား၊ ကျောင်းသားဦးရေအခြေအနေပေါ်မူတည်ပြီး ပံ့ပိုးထောက်ပံ့ပေး နိုင်မည့် အစီအစဉ်များကို ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိကို သိလိုပါကြောင်းမေးမြန်း ပါသည်။