(ဃ)-နတ်တလင်းမြို့နယ်၊ ကြိုးကြာကန်ကျေးရွာ၊ အ.ထ.က(ခွဲ)ရှိအန္တရာယ်ရှိနှစ်ထပ်ကျောင်းဆောင်ကို ပယ်ဖျက်၍(၁၀၀ထ၃၀)ပေနှစ်ထပ်ကျောင်းဆောင် သစ် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

2021-01-02

ဦးခင်အေး(နတ်တလင်းမဲဆန္ဒနယ်)ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ် ကြိုးကြာခံကျေးရွာအုပ်စု ကြိုးကြာခံကျေးရွာ အ.ထ.က(ခွဲ)မှ အန္တရာယ်ရှိနှစ်ထပ်ကျောင်းဆောင်အား ပယ်ဖျက်၍ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေး နှစ်တွင် ၁၀၀ x ၃၀ ပေ နှစ်ထပ်ကျောင်းဆောင်သစ် ပညာရေးဝန်ကြီးဌာနသို့ တင်ပြတောင်းခံခဲ့ပြီး ယခင်နတ်တလင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးရဲထွဋ်ဦးက နှစ်ထပ် ကျောင်း ဆောင်သစ်ကို ဦးစားပေး အစီအစဉ်ဖြင့် ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိ ကြယ်ပွင့်မပြ မေးခွန်း မေးမြန်းခဲ့ရာ ပညာရေးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဒေါ်ခင်စန်းရီက ၁၀၀ x ၃၀ ပေနှစ်ထပ်ကျောင်းဆောင်သစ် ဆောက်လုပ်ပေးရန် ငွေကျပ် ၉၆ သန်းကို ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းရန်ပုံငွေခေါင်းစဉ် အောက်မှ လျာထားတင်ပြပြီးဖြစ် ပါကြောင်း ဖြေကြားခဲ့သော် လည်း ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၏ ၂၀-၁၁-၂၀၁၅ ရက်စွဲပါစာအမှတ် ၄/၄၃၇ (၂-ပသ/အဖရ(၂၀၁၅)အရ စာရင်းပယ်ဖျက်ခံရသဖြင့် ဖော်ပြပါကျောင်းဆောင်သစ် ဆောက်လုပ် ရန်ငွေ ၉၆ သန်းကို ဘဏ္ဍာငွေလျော့ချဖြတ်တောက် ခံရပါကြောင်း၊ ထို့ကြောင့် ဖြည့်စွက် ရန်ပုံငွေတွင် ပါဝင်နိုင်ရေးအတွက် ထပ်မံတင်ပြတောင်းခံခဲ့သော်လည်း ခွင်‌့ပြုချက် မရရှိသည့် အတွက် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်မပေးနိုင်သဖြင့် ကတိကဝပ်စာရင်းမှ ပယ်ဖျက်ပေးပါရန် ပြည်သူ့လွှတ်တော်သို့ တင်ပြခဲ့ပါကြောင်း၊

အဆိုပါကျောင်းဆောင်သည် ၁၉၇၅ ခုနှစ်က ကိုယ်ထူကိုယ်ထ ဆောက်လုပ်ခဲ့တာ ဆောက်လုပ် ခဲ့တဲ့သောကျောင်းဖြစ်ပါကြောင်း၊ ဂျိုးကြာကန် အ.ထ.က (ခွဲ)တွင် အဆိုပါအန္တရာယ်ရှိ ကျောင်း ဆောင်၊ ပေ ၁၀၀ x ပေ ၂၀ နှစ်ထပ်ကျောင်းဆောင်နှင့် ပေ ၉၀ x ပေ ၃၀ တစ်ထပ် ကျောင်း ဆောင် စုစုပေါင်း ကျောင်းဆောင်သုံးခု ရှိပြီး အထက်တန်းအဆင့်ကျောင်းသားကျောင်းသူ ၁၀၃ ယောက်၊ အလယ်တန်းအဆင်‌့ ၂၂၈၊ မူလတန်းအဆင့် ၆၈ ယောက်ရှိပါကြောင်း၊ အန္တရာယ်ရှိ နှစ်ထပ်ကျောင်းဆောင်သည် တိုင်များ အက်ကွဲခြင်း၊ သံချင်းတွယ်များ  ဆွေးပျက်နေခြင်း၊  တိုင်နံရံနှင့် အုတ်နံရံများ ကွဲနေခြင်း၊  ရပ်များကွဲပြီး အထောက်အကူပေးထားနေရခြင်း တို့ကြောင့် စာသင်ကြားနိုင်ခြင်းမရှိဘဲ အလယ်တန်းအဆင့်ကျောင်းသားကျောင်းသူ ၂၂၈ ယောက်ကို အ.ထ.က(ခွဲ)နှင့် ၅ ဖာလုံခန့်ဝေးကွာသော  သရက်သုံးပင် ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် ရွှေ့ပြောင်း သင်ကြားနေရပါကြောင်း၊

ထို့ကြောင့် အဆိုပါ အန္တရာယ်ရှိ နှစ်ထပ်ကျောင်းဆောင်ကို ပယ်ဖျက်ခွင်‌့ပြု၍ ကျောင်းဆောင် သစ်ကို မဖြစ်မနေအရေးတကြီးဆောက်လုပ်ရန် လိုအပ်သည့်အတွက် ကြိုးကြာကန် အ.ထ.က(ခွဲ) မှ အန္တရာယ်ရှိ နှစ်ထပ်ကျောင်းဆောင်အား ပယ်ဖျက်ခွင့်ပြု၍ ၁၀၀ x ၃၀ ပေ နှစ် ထပ် ကျောင်း ဆောင်သစ်ကို ယခု ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် အကယ်၍ အစီအစဉ်မရှိပါက မည်သည့်အတွက်ကြောင့်ဖြစ်သည်ကို သိရှိလိုပါကြောင်း မေးမြန်း ပါသည်။