(ဂ)-ဝန်ကြီးဌာန အလိုက်၊ ဦးစီးဌာန အလိုက်၊ နယ်မြေဒေသအလိုက်ဖြစ်စေ လမ်း၊တံတားနှင့် လုပ်ငန်းအမျိုးမျိုး၌စံသတ်မှတ်ချက်အမျိုးမျိုးကိုတွေ့ရှိရ ပါသဖြင့်စံချိန်စံညွှန်းသတ်မှတ်ချက်များထားရှိခြင်း ရှိ၊မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

2021-01-02

ဒေါက်တာသန်းအောင်စိုး(မင်းလှမဲဆန္ဒနယ်)မိမိတို့တိုင်းပြည်၌ စံသတ်မှတ်ချက်များ တိတိကျကျရှိရန် လိုအပ်ပါကြောင်း၊ လွှတ်တော် ကိုယ်စားလှယ်တော်ကြီးများ မကြာခဏ မေးမြန်းနေကြရသော ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနက လုပ်သည့်လမ်းများ ပျက်နေသည့်ကိစ္စသည်လည်း စံသတ်မှတ်ချက်များ တိတိကျကျမရှိ၍ ခဏခဏ မေးနေရခြင်းဖြစ်ပါကြောင်း၊ လမ်း၊ တံတားများသည် စံသတ်မှတ်ချက်များနှင့် ပြုလုပ်ရာတွင် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနက စံတစ်မျိုး၊ ဆောက်လုပ်ရေးက စံတစ်မျိုး၊ နယ်စပ်ဒေသ ဖွံ့ဖြိုးရေးက စံတစ်မျိုး၊ စည်ပင်က စံတစ်မျိုး စသည်ဖြင့် စံအမျိုးမျိုးကွဲနေသည့်အတွက် လမ်းများ၊ တံတားများသည် ခိုင်ခံ့မှုမရှိဖြစ်ခဲ့ရပါကြောင်း၊ ကျေးလက်ဒေသဦးစီးဌာနအနေဖြင့် လမ်းတစ်လမ်းအပေါ်၌ နှစ်နှစ်အာမခံပေးသည်ဆိုသည်ကို အံ့သြမိခဲ့ရပါကြောင်း၊ ထိုသို့သော စံသတ်မှတ်ချက်များ ပီပီပြင်ပြင် မရှိသည့်အတွက် နှစ်နှစ်တန်သည့်လမ်း၊ သုံးနှစ်တန်သည့်လမ်းများသည် နှစ်လ၊ သုံးနှင့် ပျက်စီးခဲ့ရသည်များ တွေ့ရပါကြောင်း၊

ရန်ကုန်-နေပြည်တော် အမြန်လမ်းတွင် ကီလိုမီတာသတ်မှတ်ချက်များနှင့် အမြန်နှုန်း ကန့်သတ်ထားပါကြောင်း၊ တချို့နေရာများတွင် မိုင်နှုန်းများ ရေးထားသည်ကို တွေ့ရပါကြောင်း၊ ကားဒရိုင်ဘာသည် ငါးမိုင်တွင် ရှစ်ကီလိုရှိသည်ကို အလွတ်ကျက်ထားပြီး စိတ်တွက်နှင့်တွက်ပြီး မှန်းမောင်းရမလိုဖြစ်နေပါကြောင်း၊

လျှပ်စစ်ဌာနတွင် လျှပ်စစ်မီးပလပ်များ၊ မီးခေါင်းများ အမျိုးမျိုး ရှိနေသည်ကို တွေ့ရပါကြောင်း၊ အားလုံးသုံးရန်အတွက် မိမိတို့တိုင်းပြည်ကလည်း အကုန်လုံး Multiple Plus များကို Plus ခုံများပါ ထွင်ထားရခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် မြေစိုက်ကြိုးတွေလည်း စနစ်တကျမရှိ၊ ခံနိုင်ဝန်အားများလည်း တိတိကျကျ သတ်မှတ်မထားသည့်အတွက် မီးလောင်မှုအများ ဖြစ်ပွားပြီး ပြည်သူများ ဒုက္ခများစွာ ကြုံတွေ့ရပါကြောင်း။

Font များတွင်လည်း Zawgyi Font, Unicode Font တိတိကျကျမရှိပါကြောင်း၊ အင်တာနေရှင်နယ်တွင် International Standard Organization ဟူ၍ (ISO) က လုပ်ထားသည်ကို တွေ့ရပါကြောင်း၊ ထို့ကြောင့် ဝန်ကြီးဌာန အလိုက်ဖြစ်စေ၊ ဦးစီးဌာနအလိုက်ဖြစ်စေ၊ နယ်မြေဒေသ အလိုက်ဖြစ်စေ လမ်း၊ တံတားနှင့် လုပ်ငန်းအမျိုးမျိုး၌ စံသတ်မှတ်ချက်အမျိုးမျိုးကို တွေ့ရှိရပါသဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနအလိုက် စံချိန်စံညွှန်းသတ်မှတ်ချက်များ ထားရှိခြင်းရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။