(ခ)-စာသင်ကျောင်းများတွင်ယခင်ကကဲ့သို့ကျောင်း တွင်း အားကစားပွဲများ၊ ကျောင်းသား အားကစား ပွဲတော်များ၊ တက္ကသိုလ် နှင့် ကောလိပ်ပေါင်းစုံ အားကစားပြိုင်ပွဲများ ကျင်းပပေးရန် အစီအစဉ်ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့်မေးခွန်း
မိမိတို့နိုင်ငံတွင် စာသင်ကျောင်းများ၏ ပညာရေးစနစ်သည် အလွတ်ကျက်ပညာရေးစနစ်ဖြစ်နေပြီး စာမေးပွဲမှာ အမှတ်များများရရှိရန် ဦးတည်နေသော ပညာရေးစနစ်ဖြစ်နေပါကြောင်း၊ ကျောင်းသားလေးများသည် ကျောင်းကြီး စာသင်ချိန်၊ ကျူရှင်ချိန်၊ Guide ဆရာများ၏ အချိန်နှင့် မအားရအောင် စာကိုကြည့်နေကြပါကြောင်း၊ ကလေးသဘာဝအရ ဆော့ကစားရန် ကျောင်းနှင့် အိမ်တွင် ကစားကွင်းလည်းမလုံလောက်၊ အချိန် မရှိလည်းဖြစ်နေကြပါကြောင်း၊ ကလေးများသည် ၎င်းတို့ရသည့်အချိန်မှာပင် ဗီဒီယိုဂိမ်း၊ အင်တာနက်ဂိမ်း ဂိမ်းမျိုးစုံကစားပြီး ဂိမ်းစွဲနေကြသူည်ကို တွေ့သိရပါကြောင်း၊ အချို့ကလေးများကလည်း ဆေးလိပ်၊ ကွမ်း၊ အရက်၊ မူးယစ်ဆေးဝါးနှင့် စိတ်ကျဆေးများပါ စမ်းသုံးနေကြပြီး ဆေးစွဲနေကြသည်ကို တွေ့ရပါကြောင်း၊ ကလေးသူငယ်များကို လမ်းမှန်ရောက်အောင် ညွှန်ပြ သင်ကြားပေးရန် မိဘနှင့် ဆရာဆရာမများက တာဝန်ရှိသကဲ့သို့ မူဝါဒချမှတ်ပေးရသည့် မိမိတို့တွင်လည်း တာဝန်ရှိပါကြောင်း၊
ကလေးများ၏ အပြုအမူ၊ အခြေအနေများကို အကဲခတ်နေ၊သိနေပြီး မူဝါဒလမ်းစဉ်များ ချမှတ်ပေးရန် လိုအပ်ပါကြောင်း၊ကလေးများက စာဝန်ပိနေသည့်အတွက် ထွက်ပေါက်ကို နည်းမှန်လမ်းမှန် ရောက်အောင် အရက်နှင့် မူးယစ်ဆေးဝါး သုံးစွဲခြင်းမှ ရှောင်ရှားနိုင်အောင် အားကစားဘက်ကို ပြောင်းပေးရန် လိုအပ်ပါကြောင်း၊ သို့မှသာ ကိုယ်ကာယကြံ့ခိုင်သန်စွမ်းပြီး အဖွဲ့အစည်းနှင့် လုပ်တတ်ခြင်း၊ အကျင့်စာရိတ္တကောင်းမွန်ခြင်းစသည့် ဗလငါးတန်အကျိုးကျေးဇူးများ ရနိုင်မည်ဖြစ်ပါကြောင်း၊
ကျောင်းများတွင်လည်း ကာယဆရာများပြည့်စုံအောင် ထားပေးသင့်ပါကြောင်း၊ ထို့အပြင် စာသင်ကျောင်းများတွင် အားကစားပစ္စည်းထောက်ပံ့ခြင်း၊ အားကစားပွဲလုပ်ပေးခြင်း၊ ပံ့ပိုးခြင်းမျာ းပြုလုပ်နေသည်ကို တွေ့ရပါကြောင်း၊ သို့သော်လည်း မိဘများ၊ ဆရာဆရာမများကပါ၊ လူထုကပါ သဘောပေါက်ပြီးပါဝင်ကြရန် လိုအပ်ပါကြောင်း၊ အားကစားလောက ပြန်လည်ဖွံ့ဖြိုးဖို့ အတွက် မူလတန်း၊ အလယ်တန်းမှစ၍ ကိုယ်ကာယလေ့ကျင့်ခန်းများကို အားကစားအချိန်များတွင် အားကစား ပြုလုပ်ပေးရန် လိုအပ်ပါကြောင်း၊ အားကစားတစ်ခု တစ်စိုက်မတ်မတ်ပြုစုပျိုးထောင် လေ့ကျင့်ပေးပြီး ထူးချွန်လာမည်ဆိုပါက နိုင်ငံတော်အတွက် ထူးချွန်သောအားကစားသမားကောင်းများ ထွက်ပေါ်လာနိုင် ပါကြောင်း၊ ထို့ကြောင့် ရှေ့ကကဲ့သို့ ကျောင်းတွင်း အားကစားပြိုင်ပွဲ၊ ကျောင်းပေါင်း စုံ ကျောင်းသားအားကစားပွဲတော်၊ တက္ကသိုလ်နှင့် ကောလိပ်ပေါင်းစုံအားကစားပြိုင်ပွဲများ ကျင်းပပေးမည်ဆိုပါက ထိုပွဲများမှ နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများ ထွက်ပေါ်လာမည်ဖြစ်ပါကြောင်း၊
ထို့ကြောင့် စာသင်ကျောင်းများတွင် အားကစားကွင်းများနှင့် ကာယဆရာများ ကိုယ်တိုင်ဖန်တီးပေးနိုင်ခြင်း ရှိ/မရှိ၊ အားကစားချိန်တွင် ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းများ ပုံမှန်ကစားစေခြင်းနှင့် အားကစားနည်းတစ်မျိုးမျိုးကို ထူးချွန်ပါက ဆက်လက်ပြုစုပျိုးထောင်ပြီး သင်ကြားပေးနိုင်ရန် အစီအစဉ်ရှိ/မရှိနှင့် ကျောင်းတွင်း အားကစားပွဲများ၊ ကျောင်းသားအားကစားပွဲတော်များ၊ တက္ကသိုလ်နှင့် ကောလိပ်ပေါင်းစုံအားကစား ပြိုင်ပွဲများကျင်းပပေးရန်အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။