(က)-ယခင်နိုင်ငံတော်သမ္မတ၏ပညာတော်သင်ဆု ရရှိသူများကို ဆက်လက်ပံ့ပိုး ကူညီမှုများရှိ၊ မရှိနှင့် ယခုနိုင်ငံတော်သမ္မတ၏ပညာတော်သင်ဆုရသူများ ကိုမည်သည့်အချိန်တွင်ပညာတော်သင်စေလွှတ်မည် ကို သိလိုခြင်း နှင့် စပ်လျဉ်းသည့် မေးခွန်း

2021-01-02

ဦးဘိုဘိုဦး( စမ်းချောင်းမဲဆန္ဒနယ်) ၂၀၁၃-၁၄ ပညာသင်နှစ် အခြေခံပညာအထက်တန်းအောင် ထူးချွန်ကျောင်းသားများအား နိုင်ငံတော် သမ္မတ ပညာသင်ဆု ချီးမြှင့်ခြင်းအစီအစဉ်ကို ယခင် သမ္မတလက်ထက်တွင် ပြုလုပ်ခဲ့ပါကြောင်း၊ ထူးချွန် ကျောင်းသားများ ရွေးချယ်ခဲ့ရာ အထက်တန်းအောင်မြင်စဉ်က အမှတ်ပေါင်း ၅၀၀ ကျော် ရရှိရမည်ဖြစ်ပြီး ဘွဲ့လွန်ကျောင်းသားအနည်းငယ်သာ ပါဝင်ခဲ့ပါကြောင်း၊ နိုင်ငံတော်သမ္မတက ပညာသင်ဆု ရွေးချယ်ရေး ကော်မတီမှ Active Exam IELD အပါအဝင် ရေးဖြေနှင့် လူတွေ့စစ်ဆေးခြင်း အဆင့်ဆင့်ကို ပြုလုပ်ခဲ့ပြီး ရွေးချယ်ခဲ့ရာ ၂၀၁၄ ခုနှစ်၌ ထူးချွန်ကျောင်းသား အားလုံးပေါင်း ၅၀၀ ကျော်ကို ရွေးချယ်ခံခဲ့ရပါကြောင်း၊ အဆိုပါ ရွေးချယ်ခံ ၅၀၀ ကျော်မှ ၂၀၁၅ ခုနှစ် စက်တင်ဘာလ၌ ကျောင်းသားကျောင်းသူ ဘွဲ့လွန်၊ ဘွဲ့ကြို စုစုပေါင်း ၁၁၇ ဦးအား ပညာသင်စေလွှတ်ခဲ့ပါကြောင်း၊ ကျန်ကျောင်းသားကျောင်းသူများထဲမှ ကျောင်းသွားတက်ရောက်မည့် တက္ကသိုလ်အသီးသီးမှ Offer Letter များ ခွင့်ပြုသည့်စာ ရရှိသူများကို ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာ ဦးစီးဌာနသို့ ၁-၄-၂၀၁၆ ရက်နေ့မှစပြီး သွားရောက်သတင်းပို့ရန် အဆင့်မြင့်ပညာဦးစီးဌာနမှ အကြောင်းပြန်ကြားခဲ့ပါကြောင်း၊

နိုင်ငံတော်သမ္မတပညာသင်ဆု ရွေးချယ်ခံကျောင်းသားကျောင်းသူများအား နိုင်ငံတကာတက္ကသိုလ် အသီးသီးမှ ဝင်ခွင့်ပြုသည့်စာများကို ကြိုးစားရယူခဲ့ကြပြီး ၂၀၁၆ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှာ နောက်ပိုင်းမှာ အဆင့်မြင့်ပညာဦးစီးဌာနကို သွားရောက်သတင်းပို့ခဲ့ကြပါကြောင်း၊ အဆင့်မြင့်ပညာဦးစီးဌာနကို သတင်းပေးပို့ပြီး ၆ လကျော်၊ ၇ လကြာနေသော်လည်း အကြောင်းတစ်စုံ တစ်ရာထူးခြားမှုမရှိဘဲ အကြောင်းပြန်ချက် ကင်းမဲ့နေခဲ့ကြောင်း ကျောင်းသားကျောင်းသူ အယောက် ၅၀ ကျော်မှ မိမိအား အသိပေးတင်ပြလာပါကြောင်း၊

နိုင်ငံတော်သမ္မတ၏ ပညာသင်ဆုမှာ ဘွဲ့လွန်ကျောင်းသားအနည်းငယ်နှင့် အများစုမှာ အခြေခံပညာ အထက်တန်းအောင်ပြီး ဘွဲ့ကြိုကျောင်းသားကျောင်းသူများဖြစ်ပြီး ဝင်ခွင့်ပြုထားသည့် တက္ကသိုလ်များသည်လည်း ယုံကြည်စိတ်ချရသော၊ ကောင်းမွန်သော တက္ကသိုလ်များဖြစ်ကြောင်း မိမိ ကိုယ်တိုင်လည်း ဆန်းစစ်လေ့လာတွေ့ရှိခဲ့ပါကြောင်း၊

ထူးချွန်ကျောင်းသားကျောင်းသူများကို နိုင်ငံတော်သမ္မတပညာသင်ဆုဟူ၍ ပညာသင်စရိတ်ကို လုံလောက်စွာ ထောက်ပံ့ရန်မှာ လွယ်ကူသည့်ကိစ္စတစ်ရပ် မဟုတ်သော်လည်း ၂၀၁၅ ခုနှစ်တွင် ဘွဲ့လွန်၊ ဘွဲ့ကြို ကျောင်းသားကျောင်းသူ ၁၁၇ ဦးကို စေလွှတ်ခဲ့ပြီးဖြစ်ပါကြောင်း၊ ၂၀၁၆ ခုနှစ်အတွင်း သက်ဆိုင်ရာ နိုင်ငံတကာတက္ကသိုလ်အသီးသီးတွင် ဝင်ခွင့်ပြုနေပြီဖြစ်သော နိုင်ငံတော်သမ္မတ ပညာသင်ဆု ရွေးချယ်ခံရသည့် ကျောင်းသားကျောင်းသူများစွာမှာ မျှော်လင့်ကြီးစွာဖြင့် အဖြေတစ်စုံ တစ်ရာကို စောင့်မျှော်နေကြ ပါကြောင်း၊ နိုင်ငံတော်သမ္မတ ပညာသင်ဆုဖြင့် စေလွှတ်ထားသော ကျောင်းသားကျောင်းသူ ၁၁၇ ဦးအား ဆက်လက်ပံ့ပိုးမှုရှိ/မရှိနှင့် ကျန်အရွေးချယ်ခံ ပညာသင်ဆုအောင် ကျောင်းသားကျောင်းသူများကို မည်သည့်အချိန်တွင် ပညာတော်သင်စေလွှတ်မည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။