(ဂ)-၄တန်းနှင့် ၈တန်းကိုသက်ဆိုင်ရာကျောင်းတွင် အတန်းတင် စာမေးပွဲစစ်ရန်၊ တက္ကသိုလ် ဝင်တန်း ဘာသာတွဲ (၈)တွဲမှ မလိုသော ဘာသာတွဲများကို ဖြုတ်သိမ်းရန်နှင့်စာမေးပွဲမေးခွန်းကိုအခြေခံပညာ ကျောင်းများမှ ဆရာကြီး/ဆရာမကြီးများကို တာဝန် ပေးရန်နှင့် စပ်လျဉ်းသည့် မေးခွန်း
မေးခွန်း အကြောင်းအရာ
ြ
မန်မာနိုင်ငံကြီး ဖွံ့ဖြိုးတိုးတက်ရန် အဘက်ဘက်ကမြှင့်တင်ချင်သည်ဆိုပါက ပညာရေးမြှင့်တင်မှုသည် အလွန်ပင်အရေးကြီးလှကြောင်းနှင့် ပညာရေးမြှင်တင်ရန် မူဝါဒများ ခိုင်ခိုင်မာမာ ချမှတ်နိုင်ရန် လိုအပ်ပါကြောင်း၊ နောင်တစ်ချိန် လူ့စွမ်းအား အရင်းအမြစ်၏ အဓိကဖြစ်သည့် ကျောင်းသား ကျောင်းသူလူငယ်များအတွက် ဝန်ထုတ်ဝန်ပိုးဖြစ်စေမည့် အရာတွေကိုလည်း ယခုကပင် ပြင်ဆင်ရမည်ဖြစ်ပါကြောင်း၊ ဥပမာအနေဖြင့် (၄) တန်းနှင့် (၈) တန်းကို ပြည်နယ်အဆင့် စစ်ဆေးပြီး ၁၀၀ ရာခိုင်နှုန်း အောင်ပေးခဲ့ကြောင်း၊ အဆိုပါကိစ္စရပ်များအပေါ် လေ့လာကြည့်မည်ဆိုပါက (၄)တန်းနှင့်(၈)တန်းမေးခွန်းများကို ခရိုင် သို့မဟုတ် ပြည်နယ်များတွင် စစ်ပါကြောင်း၊ ကျောင်း အသီးသီးတွင် မေးခွန်းတိုက်များထားရှိသည့်အတွက်လည်း ကုန်ကျစရိတ်ကအလွန် များပြားလှသည့် အပြင် ဆရာဆရာမများအတွက် အဖြေလွှာစစ်ရန် မေးခွန်းယူ၊ မေးခွန်းပို့ခြင်းသည်လည်း အလွန် တာဝန်ကြီးလှပါကြောင်း၊ ထို့နောက် (၄) တန်းနှင့် (၈) တန်းကို ၁၀၀ ရာခိုင်နှုန်းအောင်ပေးသည့် အတွက် ကျောင်းတွင်လည်း စာမေးပွဲစစ်နိုင်ပါကြောင်း၊
တက္ကသိုလ်ဝင်တန်းစာမေးပွဲနှင့် စပ်လျဉ်း၍လည်း ၂၀၁၆-၂၀၁၇ တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် သင်္ချာမေးခွန်း တချို့ မှားနေသည်ဟုသိရပါကြောင်း၊ အကြံပြုချက်အနေဖြင့် တင်ပြချင်သည်မှာ အခြေခံပညာတက္ကသိုလ်ဝင်တန်းမေးခွန်းများကို အဆင့်မြှင့်ပညာဦးစီးဌာနမှတာဝန်မယူဘဲ အခြေခံ ပညာက ဆရာဆရာမကြီးများ တာဝန်ယူမည်ဆိုပါက ယခုကဲ့သို့ မေးခွန်းမှားယွင်းမှု သည့် ကိစ္စရပ်မျိုး ဖြစ်ပေါ်နိုင်ခြင်း မရှိဟု ထင်မိပါကြောင်း၊ ထို့ကြောင့် အခြေခံပညာက ဆရာကြီး၊ ဆရာမကြီးများ တာဝန်ယူ၍ ရ/မရ ကိုသိရှိလိုပါကြောင်း၊
တက္ကသိုလ်ဝင်တန်းတွင် စာမေးပွဲမေးခွန်း ဘာသာတွဲ(၈)တွဲရှိပြီး မြန်မာ၊ အင်္ဂလိပ်၊ သင်္ချာဘာသာရပ်များသည် ဘာသာတွဲတိုင်းတွင် ပါရှိပါကြောင်း၊ ကျောင်းသူကျောင်းသားများ အဓိက သင်ယူနေသည့် ဘာသာရပ်သည် ရူပဗေဒ၊ ဓာတုဗေဒနှင့် ဇီဝဗေဒဘာသာရပ်တွဲကိုလည်းကောင်း၊ ရူပဗေဒ၊ ဓာတုဗေဒနှင့် ဘောဂဗေဒဘာသာရပ်ကိုလည်းကောင်း၊ ပထဝီ၊ သမိုင်း၊ ဘောဂဗေဒ ဘာသာရပ်တွဲကိုလည်းကောင်း သင်ကြားနေလျက်ရှိပြီး စိတ်ကြိုက်မြန်မာစာဟူ၍ ဘာသာတွဲ သုံးတွဲ ရှိပေသော်လည်း မနှစ်က ယင်းဘာသာရပ်ကို သင်ကြားသည့်ကျောင်းသားဦးရေသည် တစ်ဦးသာရှိသည်ဟု သိရှိရပါကြောင်း၊
ထို့ပြင် ကျောင်းများ၌ စာသင်ခန်းများ၊ ဆရာဆရာမများ လုံလောက်ခြင်းမရှိသည့်အတွက် ရူပဗေဒ၊ ဓာတုဗေဒ၊ ပထဝီ၊ ရူပဗေဒ၊ ရူပဗေဒ၊ ဓာတုဗေဒ၊ သမိုင်း ဘာသာတွဲကို သင်ကြားသည့်ကျောင်းသားများသည် အခန်း(၁)ခန်းဖြင့် သီးသန့်သင်ယူနိုင်ခြင်းမရှိဘဲ အခန်းပြောင်း သင်ကြားနေရပါကြောင်း၊ အဆိုပါ ဘာသာတွဲ(၈)တွဲမှ တက္ကသိုလ်စာမေးပွဲ အောင်မြင်ပါကလည်း တက္ကသိုလ်တက်ရောက်ရန်ကိုသာ ရွေးချယ်ခွင့်ပေးထားခြင်းဖြစ်သည့်အတွက် မလိုအပ်သည့် ဘာသာတွဲကို ဖြုတ်သိမ်းရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။