(ဂ)-တက္ကသိုလ်များတွင်တာဝန်ထမ်းဆောင်နေသော လက်ထောက်ကထိက၊ကထိကနှင့်ပါမောက္ခအဆင့် ရာထူးတိုးမြှင့်ပေးရာတွင်လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ရန်အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့် မေးခွန်း
၃၁-၇-၂၀၁၇ ရက်နေ့တွင် ပညာရေးဝန်ကြီးဌာနအောက်တွင်ရှိသော နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်၊ ဆေးဘက်ဆိုင်ရာတက္ကသိုလ်တို့တွင် လုပ်ငန်း ခွင်မျှော်လင့်ချက်ကင်းမဲ့မှု ခံစားနေရပြီး နိုင်ငံတော်တိုးတက်ရေးနှောင့်နှေးစေမယ့်မူဝါဒများ တိုက်ဖျက်ရန်အတွက် လုပ်ငန်းခွင် ရာထူးတိုးမညီမျှမှုများကို ဆန့်ကျင်ကန့်ကွက် သည့်အနေဖြင့် နိုင်ငံတစ်ဝန်း ဖဲကြိုးပြာလှုပ်ရှားမှု စတင် ပေါ်ခဲ့ပါကြောင်း၊ ယခုလိုဖြစ်ရခြင်းမှ ဦးစီးဌာနမတူပါက နေရာအပြောင်းအရွှေ့မပေးသော်လည်း တစ်ဦးစ၊ နှစ်ဦးစ ပြောင်းပေးနေခြင်း၊ လက်ရှိနေရာတွင် သုံးနှစ်သာတာဝန်ထမ်းဆောင်ရန် ပြဋ္ဌာန်း ထားသော်လည်း ရာထူးတိုးနေရာပြောင်းရွှေ့သူများ ရှိနေသလို ရန်ကုန်တွင် ၁၀ နှစ်နီးပါးကြာ သည်အထိ အလုပ်လုပ်နေသော်လည်း ရာထူးတိုးပြီးမပြောင်းရွှေ့ရခြင်း၊ မကြာခင်က ရာထူးတိုးပြောင်း ရွှေ့ခြင်းပြုလုပ်ခဲ့ရာမှာ ရန်ကုန်တွင် အနေကြာသူများအား နယ် တက္ကသိုလ်များမှ အနေကြာသူများနှင့် တစ်လှည့်စီပြောင်းပေးရန်ဖြစ်သော်လည်း မပြောင်းရသူများရှိနေခြင်း၊ နယ်ဆင်းပြီးသူများကို နယ်ဝေးသို့ပြန်လွှတ်ခြင်း၊ ရန်ကုန်သူကို အနီးတစ်ဝိုက် မှ ရန်ကုန်သို့ပြန်ဝင်ခိုင်းခြင်း၊ Ph.D ဘွဲ့ရ ဒုတိယပါမောက္ခများအား ပါမောက္ခရာထူးသို့ တိုးမြှင့်ပေးရာတွင် အချို့မှာ ရာထူးတိုးပြီး တစ်နှစ်သာ ရှိသူများကို ထပ်မံ တိုးပေးခြင်းအပြင် နေရာမပြောင်းရွှေ့ခိုင်းခြင်း၊ နယ်သူများမှ ရာထူးတိုးထွက် မလာခြင်းကြောင့် နစ်နာရခြင်း၊ အချို့မှာ အလုပ်စဝင်စဉ်ကပင် ရာထူးတိုးမပေးခြင်းအပြင် ထိုသူများကို ရာထူးတိုးရန် စာမေးပွဲဖြေရမည်ဟု အမိန့်ထွက်လာ ခြင်းတို့ကြောင့် မကြာခဏ ပြောင်းလဲနေသည့်မူဝါဒ၊ မျှတမှုမရှိသည့်မူဝါဒများကြောင့် ဖြစ်သည်ဟုသိရှိရ ပါကြောင်း၊ အထက် Slide မှ ပြည်နယ်ကျောင်းတွေမှာမရှိတဲ့ ဌာန၏အမည်ကိုပြပြီး ရာထူးတိုးပေး လိုက်သော်လည်း မြို့ပေါ်ကျောင်းတွင်သာ တာဝန်ထမ်းဆောင်နေခြင်းသည် စာရွက်ပေါ်တွင်သာ ရာထူးတိုးပြီး နေရာပြောင်းရွှေ့ခြင်းနှင့် ဟန်ပြအလုပ်လုပ်နေသည်ကို မြင်တွေ့ရပါကြောင်း၊ လူထုကိုဗဟိုပြုပြီး ဆောင်ရွက်ကြရမည့် ဒီမိုကရေစီနိုင်ငံရေးစနစ်တွင် စာရွက်ပေါ် မှာသာအလုပ်လုပ်ခြင်း သည် မဖြစ်သင့်သည့်ကိစ္စဖြစ်ပါကြောင်း၊ တာဝန်ထမ်းဆောင်နေသည့် ဆရာဆရာမများ၏ အလုပ်ခွင် မျှော်လင့်ချက် ဘဝတက်လမ်းတွေကို ရိုက်ချိုးသလိုမဖြစ်စေရန် အမိမဲ့သား ရေနည်းငါးလို အားကိုးရာမဲ့မဖြစ်စေရန် တိကျမျှတသည့် ဌာနတွင်းမူဝါဒများနှင့် ကျင့်သုံးနိုင်ရန် ပညာရေးဝန်ကြီး ဌာနလက်အောက်ရှိတက္ကသိုလ်များတွင် တာဝန်ထမ်းဆောင်နေသော သရုပ်ပြအဆင့်မှ လက်ထောက် ကထိကနှင့် ပါမောက္ခအဆင့်ရာထူးတိုးပေးရာတွင် ဌာနတွင်း လုပ်ထုံးလုပ်နည်းနှင့်အညီ တိကျမျှတစွာ ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ နှင့် အမှန်တကယ် ဌာနတွင်တာဝန် ထမ်းဆောင်ခြင်းမ ရှိသော ပြည်နယ်ကျောင်းများတွင် အမည်ပြရာထူးတိုးပေးခြင်းအား နောက်ထပ်မဖြစ်အောင် တားမြစ် ဆောင်ရွက်ရန် အစီအစဉ်ရှိ/မရှိ ကိုသိလိုကြောင်း မေးမြန်းပါသည်။