(က)-ပြင်ပသွားနှင့်ခံတွင်းဆိုင်ရာဆရာဝန်များအား သက်ဆိုင်ရာဘာသာရပ် တစ်ခုချင်းစီအလိုက် အထူးပြုမဟာဘွဲ့လွန်ပညာများ ဆက်လက်သင်ကြားပေးရန်အတွက် မည်သည့် ပညာသင်နှစ်တွင် စတင်သင်ကြားပေးမည်နှင့် မည်သည့်တက္ကသိုလ်တွင် သင်ကြားပေးမည်ကို သိလို ခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

2021-01-02

 

(က)-အစိုးရဝန်ထမ်းမဟုတ်သော ပြင်ပသွားနှင့်ခံတွင်းဆိုင်ရာဆရာဝန်များအား သက်ဆိုင်ရာဘာသာရပ် တစ်ခုချင်းစီအလိုက် အထူးပြုမဟာဘွဲ့လွန်ပညာများ ဆက်လက်သင်ကြားပေးရန်အတွက် မည်သည့် ပညာသင်နှစ်တွင် စတင်သင်ကြားပေးမည်နှင့် မည်သည့်တက္ကသိုလ်တွင် သင်ကြားပေးမည်ကို သိလို  ခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

သွားဘက်ဆိုင်ရာဆေးပညာ မဟာသိပ္ပံဘွဲ့သင်တန်းကို ၁၉၉၃ ခုနှစ်မှစတင်၍ လုပ်သက်နှစ်နှစ်ရှိ ဝန်ထမ်း၊ ဆရာဝန်များကို ဝင်ခွင့်စာမေးပွဲဖြေဆိုစေပြီး ဝင်ခွင့်ရသူများကို တက်ရောက်ခွင့် ပေးခဲ့ခြင်း ဖြစ်ပါကြောင်း၊ နှစ်စဉ် ဘွဲ့လွန်သင်တန်းသား ၂၀ ဦးခန့်တက်ရောက်စေရာ ၂၀၁၄ ခုနှစ်တွင် ၃၀ ဦး ကျော်ခန့်တိုးမြှင့်ခေါ်ယူခဲ့ပြီး ၂၀၂၀ ပြည့်နှစ်တွင် အထူးပြုဘာသာကိုးဘာသာဖြင့် မဟာဘွဲ့လွန် သင်တန်းများ ဖွင့်လှစ်ရန်စီစဉ်နိုင်ခဲ့ပြီဖြစ်၍ မြန်မာ့သွားနှင့် ခံတွင်းဆေးလောက ဖွံ့ဖြိုး တိုးတက်ရေးအတွက် ကျေးဇူးအထူးပြုသည့်အစီအစဉ်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ယခုအခါတွင် အထူးပြုမဟာသိပ္ပံဘွဲ့ရ သွားနှင့် ခံတွင်းဆိုင်ရာဆရာဝန် ၂၀၀ ကျော် မွေးထုတ်ပြီးဖြစ်ပါကြောင်း၊

ထိုသို့အခြေအနေကောင်းလှသော်လည်း နမူနာအနေဖြင့် ကျန်းမာရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဦးစီးဌာန၊ မန္တလေးသွားဘက်ဆိုင်ရာဆေးတက္ကသိုလ်၏ ဘွဲ့လွန်လျှောက်လွှာကို ‌ဖော်ပြမေးမြန်းလို ပါကြောင်း၊ MBSC ဘွဲ့လွန်သင်တန်း ဖွင့်လှစ်ခေါ်ယူသည်မှာ ၂၆ နှစ်ခန့်ကြာမြင့်ပြီဖြစ်သော်လည်း အစိုးရဝန်ထမ်းမဟုတ်သည့် ပြင်ပသွားနှင့်ခံတွင်းဆိုင်ရာ ဆရာဝန်များအတွက် မဟာသိပ္ပံဘွဲ့လွန် သင်တန်းတက်ရန် အခွင့်အရေးမရရှိသေးပါကြောင်း၊ ဝင်ခွင့်ခေါ်ယူခွင့်လျှောက်လွှာပါ အပိုဒ် ၂ အပိုဒ်ခွဲ(ခ) မဟာသိပ္ပံဘွဲ့အတွက် လိုအပ်သော အရည်အချင်းများဖော်ပြထားရာတွင် အနည်းဆုံး လုပ်သက်တစ်နှစ်ရှိ နိုင်ငံ့ဝန်ထမ်းများဟု သတ်မှတ်ထားသည်ကိုတွေ့ရှိနိုင်ပါကြောင်း၊ ဝန်ထမ်းများ အတွက်သာ သီးသန့်ရရှိသောအခွင့်အရေး ရှိနေဆဲဖြစ်ပါကြောင်း၊ ပြင်ပသွားနှင့်ခံတွင်းဆိုင်ရာ ဆရာဝန်များသည် ပြည်တွင်းမဟာသိပ္ပံ ဘွဲ့လွန်သင်တန်းများ စဖွင့်ချိန်မှစ၍ မဟာသိပ္ပံဘွဲ့အတွက် စိတ်အားထက်သန်နေခဲ့ကြသည်ကို ၁၉၈၇ ခုနှစ်တွင် BDS ဘွဲ့ရခဲ့သည့် မိမိကိုယ်တိုင် သက်သေထူ နိုင်ပါကြောင်း၊ အိပ်မက်ကိုအကောင်အထည်‌ဖော်ရန်စိတ်ကူး ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလတွင် Myanmar Society of Periodontology(MMSP) ဆိုသည်က Online တွင်တင်ထားသည်ကို မှတ်တမ်းတစ်ခုအနေဖြင့် တွေ့ရှိခဲ့ပါကြောင်း၊

ထူးခြားလေးနက်သောမှတ်တိုင်တစ်ခုအနေဖြင့် ၂၀၁၇ ခုနှစ် ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး (၄၁)ရက်မြောက်နေ့တွင် မွန်ပြည်နယ်မဲဆန္ဒနယ်အမှတ်(၉)မှ ဒေါက်တာ ဇော်လင်းထွဋ်၏ ပြင်ပသွားနှင့် ခံတွင်းဆိုင်ရာ ဆရာဝန်များ မဟာသိပ္ပံဘွဲ့သင်ကြားခွင့်ရရန်အတွက် မေးခဲ့သည့်မေးခွန်းကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကဖြေကြားရာ တွင် သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်များမှ ပြင်ပဆရာဝန်များအတွက် မဟာသိပ္ပံသင်တန်းများကို ၂၀၁၉ ခုနှစ် ပညာသင်နှစ်တွင် စတင်ဖွင့်လှစ်ရန် ကြိုးစားဆောင်ရွက်နေပြီး ဝန်ထမ်းနှင့် ပြင်ပ သွားနှင့်ခံတွင်းဆရာဝန်  စုစုပေါင်းအရေအတွက်၏ ၂၀ ရာခိုင်နှုန်းခန့်ခေါ်ယူမည်ဟု ကတိကဝတ် ပေးခဲ့ပါကြောင်း၊ တရားဝင် Website နှင့် ဂျာနယ်များတွင်လည်း ဖော်ပြခဲ့ပါကြောင်း၊ သို့ရာတွင် ဖော်ပြခဲ့ပြီးသည့် ၂၀၂၀ ပြည့်နှစ် ပညာသင်နှစ်အတွက် မဟာသိပ္ပံဘွဲ့လျှောက်လွှာခေါ်ယူရာတွင် ပြင်ပဆရာဝန်များ မပါရှိသည့်အပြင် ယခုအချိန်တွင် ဦးရေ ၃၅၀၀ ကျော်နေပြီဖြစ်သည့်အတွက် ၎င်းတို့ကိုယ်စား ၎င်းတို့၏အခွင့်အရေးအတွက် မရေမရာဖြစ်နေသေးသောကြောင့် မေးရခြင်းဖြစ်ပါ ကြောင်း၊

ယခုကဲ့သို့ ပြင်ပဆရာဝန်များ၏အခွင့်အလမ်းအားပိတ်ဆို့ပြီး နိုင်ငံ့ဝန်ထမ်း သွားနှင့် ခံတွင်း ဆရာဝန်များကို အနည်းဆုံးငါးနှစ်တာဝန်ထမ်းဆောင်စေရန် ကတိကဝတ်ထားပြီး လုပ်သက် တစ်နှစ်ရလျှင် မဟာဘွဲ့လွန်တက်ခွင့်ပေးခြင်းသည် ကျန်းမာရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ပြဿနာအတွက် ယာယီပြေလည်နိုင်မည်ဟု ယူဆနိုင်ပါကြောင်း၊ သို့သော် ပြဿနာအတွက် ယာယီပြေလည်ရန် ခေတ်အဆက်ဆက်တိုက်ခဲ့သည့်ဆေးခါးကြီးဖြစ်နေ၍ ဘေးထွက်ဆိုးကျိုးများပြီး သွားနှင့် ခံတွင်းဆရာဝန်အချင်းချင်းခွဲခြားဆက်ဆံမှုများပေါ်ပေါက်လာနိုင်သောကြောင့် သွားနှင့် ခံတွင်းဆေးလောက စည်းလုံးညီညွတ်ရေးပျက်ပြားစေခြင်း၊ ဆုတ်ယုတ်စေခြင်းတို့ကို သတိပြုရ မည်ဖြစ်ပါကြောင်း၊ မဟာသိပ္ပံဘွဲ့တက်သည့်အခွင့်အရေးအစား နိုင်ငံ့ဝန်ထမ်းဆရာဝန်များကို နိုင်ငံတော်စရိတ်ဖြင့်နေရန်အိမ်ရာ၊ နိုင်ငံခြားပညာတော်သင်အခွင့်အရေး၊ လူမှုစီးပွားဆိုင်ရာပံ့ပိုးမှု များနှင့် နိုင်ငံတော်မှ လုပ်ငန်းအနွယ်ဆိုင်ရာ အာမခံထားပေးသည့် အခွင့်အလမ်းများနှင့်သာ စွဲဆောင်သင့်ပါကြောင်း၊ သို့မဟုတ်ပါက ပြင်ပဆရာဝန်များ၏ မဟာသိပ္ပံဘွဲ့ ဆိုင်ရာအခွင့်အရေးကို ပိတ်ပင်ရာရောက်နိုင်ပါကြောင်း၊ နိဂုံးချုပ်ဆိုရပါက ပြင်ပသွားနှင့် ခံတွင်းဆိုင်ရာဆရာဝန်များအား သက်ဆိုင်ရာဘာသာရပ်တစ်ခုချင်းစီအလိုက် အထူးပြုမဟာသိပ္ပံဘွဲ့လွန်ပညာများ ဆက်လက် သင်ကြားပေးရန် လိုအပ်နေပြီဖြစ်သည့်အတွက် မည်သည့်ပညာသင်နှစ်တွင် စတင်သင်ကြား ပေးမည်နှင့် မည်သည့်တက္ကသိုလ်တွင် သင်ကြားပေးမည်ကို သိလိုပါကြောင်း မေးမြန်းပါသည်။