(ဂ)- ပုဏ္ဏားကျွန်းမြို့နယ်၊ သဲတက်ကျေးလက်ကျန်းမာရေးဌာနအား တိုက်နယ်ဆေးရုံအဖြစ် အဆင့် မြှင့်ပေးရန် အစီအစဉ် ရှိ/မရှိနှင့် စပ်လျဉ်းသည့်မေးခွန်း
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ သဲတက်ကျေးရွာ ကျေးလက်ကျန်းမာရေးဌာနကို ၁၉၅၈ ခုနှစ် တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ယခုအခါ နှစ်ပေါင်း ၆၂ နှစ်ခန့် ကြာမြင့်ခဲ့ပြီဖြစ်ပါကြောင်း၊ ထိုကျန်းမာရေး ဌာနသည် ပုဏ္ဏားကျွန်းမြို့နယ်ဆေးရုံမှ ၂၅ မိုင်ခန့် ကွာဝေးပြီး ကုန်းလမ်း၊ ရေလမ်းများဖြင့် တစ်နာရီခွဲခန့် သွားလာရပါကြောင်း၊ ရိုးတရုတ်တိုက်နယ် ဆေးရုံနှင့် ခုနစ်မိုင်သာ ကွာဝေးသော် လည်း သဲတက်ကျေးရွာ ကျေးလက်ကျန်းမာရေးဌာနရှိ ကျေးရွာအများစုသည် အတ္ထရံမြစ်နှင့် ယောချောင်းမြစ်များ ဝန်းရံတားဆီးထားမှုကြောင့် အနီးဆုံးတိုက်နယ်ဆေးရုံကို မိုးရာသီ၌ သွားလာရေး အလွန်ခက်ခဲပါကြောင်း၊ သဲတက်ကျေးရွာ ကျေးလက်ကျန်းမာရေးဌာနတွင် ကျေးရွာ အုပ်စု (၁၆) အုပ်စုနှင့် ကျေးရွာပေါင်း (၂၃) ရွာ၊ အိမ်ခြေပေါင်း (၃၇၇၃) အိမ်ခန့်ရှိပြီး လူဦးရေ (၂၀၈၇၄) ဦးရှိပါကြောင်း၊ သဲတက်ကျေးရွာတွင် အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)နှင့် မြန်မာ နိုင်ငံရဲတပ်ဖွဲ့ ရဲစခန်းရှိပြီး ကျောက်တော်မြို့နယ်၊ ရောင်စုံကျန်းမာရေးဌာနခွဲမှ ကျေးရွာ (၅) ရွာ၊ အိမ်ခြေ (၆၆၂) ဆောင်၊ လူဦးရေ (၃၈၄၈) ဦးနှင့် မြောက်ဦးမြို့နယ်၊ ဘာညိုကျေးလက် ကျန်းမာရေး ဌာနခွဲမှ ကျေးရွာ (၅) ရွာ၊ အိမ်ခြေ ၉၄၅ ဆောင်၊ လူဦးရေ (၄၄၇၃) ဦး စုစုပေါင်းလူဦးရေ (၂၉၁၉၅) ဦးခန့်ကို သဲတက်တိုက်နယ်ဆေးရုံ ဖြစ်လာမည်ဆိုပါက ကျန်းမာရေးစောင့်ရှောက်မှု ပိုမို ဆောင်ရွက် ပေးနိုင်မည်ဖြစ်ပါကြောင်း၊ တိုက်နယ်ဆေးရုံ တိုးမြှင့်ခွင့်ရလာခဲ့ပါက အဆောက်အဦများ ဆောက် လုပ်ရန်အတွက် မြေ (၄) ဧကကိုလည်း မြေစာရင်းပုံစံ (၁၀၅)၊ (၁၀၆) ဆောင်ရွက်ထားပြီး ဖြစ်ပါ ကြောင်း၊ တိုက်နယ်ဆေးရုံ အဆင့်မြှင့်တင်ခွင့်ရရှိရေးအတွက် ပြည်သူများမှ တတ်နိုင်သလောက် ကြိုးစားဆောင်ရွက်ထားသည်ကို တွေ့ရပါကြောင်း၊
သို့ဖြစ်ပါ၍ သဲတက်ကျေးရွာ ကျေးလက်ကျန်းမာရေးဌာနကို တိုက်နယ်ဆေးရုံအဆင့်သို့ တိုးမြှင့် ဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် ရှိပါက မည်သည့်ဘဏ္ဍာရေးနှစ်မှာ ခွင့်ပြုဆောင်ရွက်ပေးမည်၊ မရှိပါက ဘာကြောင့်လဲဆိုသည်ကိုသိရှိလိုပါကြောင်း မေးမြန်းပါသည်။