(ဃ)-မိုင်းပျဉ်းမြို့နယ်၊ တုံတာမြို့၊ ပန်ဝိုင်ကျေးရွာအုပ်စု၊ ဝမ်ကောင်း(ထက်)လားဟူရွာ၊ ကျေးရွာအမက အဆောက်အဦဟောင်းအား ဖျက်သိမ်း၍ အဆောက်အဦအသစ် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း
မိမိတို့ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်၊ တုံတာမြို့၊ ပန်ဝိုင်ကျေးရွာ အုပ်စုတွင် ဝမ်ကောင်း(၁)ဆိုသည့် လားဟူတိုင်းရင်းသား လူမျိုးများ အများဆုံးနေထိုင်သည့် ကျေးရွာ တစ်ရွာရှိပါကြောင်း၊ ၎င်းကျေးရွာ၌ အိမ်ခြေ ၃၈ အိမ်၊ အိမ်ထောင်စု ၄၀ စုရှိပြီး များသော အားဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်း၊ သစ်ဉသစ်ဖုနှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုးရေးလုပ်ငန်း၊ ကျွဲ၊ နွား၊ ဆိပ်၊ ဝက်မွေးမြူခြင်းလုပ်ငန်းနှင့် အသက်မွေးဝမ်းကျောင်းပြုခြင်းမှ အေးချမ်းတည်ငြိမ်စွာနေကြသည့် တိုင်းရင်းသားကျေးရွာတစ်ရွာလည်း ဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရ၏ မြစိမ်းရောင် စီမံကိန်း တစ်ခုရှိသည့်အပြင် ဘာသာအရေးအဆောက်အဦးတစ်ခု၊ အခြေခံပညာ မူလတန်းကျောင်းခွဲ တစ်ကျောင်း ရသည့်ကျေးရွာတစ်ရွာဖြစ်ပါကြောင်း၊ ပညာရေးကို လိုလားပြီး ကျောင်းနေ အရွယ်ကလေးတိုင်း ကျောင်းနေနိုင်ရေးအတွက် ၎င်းရွာတွင်ရှိသည့် ကျောင်းသူ ကျောင်းသား များအားလုံး ပညာသင်ကြားခဲ့သည့် အတွက် နိုင်ငံတော်အစိုးရကနေပြီး ထိုကျောင်းကို ကိုယ်ထူ ကိုယ်ထအခြေခံပညာမူလတန်း ကျောင်းမှ အခြေခံပညာ မူလတန်းကျောင်းခွဲအထိ အဆင့်မြှင့်ပြီး ကျောင်းဖွင့်လှစ်ခွင့်ရရှိသည့် ကျေးရွာဖြစ်ပါကြောင်း၊ သို့သော် ၎င်းကျေးရွာတွင် စံချိန်ပြည့်မီအောင် ကျောင်းအဆောက်အဦများ အမိုးများ၊ အကာများ ပြည့်စုံလုံလောက်အောင် မရှိပါကြောင်း၊ ဆရာမနှစ်ဦးနှင့် ကျောင်းသူကျောင်းသား ၃၆ ဦးအတွက် ပညာသင်ကြားရေး၊ သင်ယူရေးကိစ္စတွင် များစွာသောအဟန့်အတား အခက်အခဲများ ဖြစ်ပေါ်သည်ကို တွေ့ရှိရမည်ဖြစ်ပါကြောင်း၊
ထို့ကြောင့် ရှမ်းပြည်နယ်၊ မိုင်းပျဉ်း မြို့နယ်၊ တုံတာမြို့၊ ပန်ဝိုင်ကျေးရွာအုပ်စုတွင်ရှိသည့် ဝမ်ကောင်းကျေးရွာ အခြေခံပညာမူလတန်းကျောင်းခွဲကို လာမည့်ဘဏ္ဍာရေးနှစ်များတွင် စံချိန်ပြည့်မီပြီး အမိုး၊ အကာ လုံခြုံသည့် စာသင် ကျောင်းအဆောက်အဦတစ်ခု ဖြစ်မြောက်အောင် လုပ်ဆောင်ပေးနိုင်ခြင်း အစီအစဉ် ရှိ/မရှိကို သိရှိလိုကြောင်း မေးမြန်းပါသည်။