(စ)- မူလတန်း စာပေးစာယူသင်တန်းတက်ရောက်မည့် အရည်အချင်းစစ်စာမေးပွဲ ယှဉ်ပြိုင်ဖြေဆိုအောင်မြင် ခဲ့ပြီးသော အထွေထွေလုပ်သားများကို သတင်းစာပါ အလုပ်ခေါ်စာကတိကဝတ်အတိုင်း မူလတန်း စာပေးစာယူသင်တန်းခေါ်ယူရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း
(စ)-၂၀၁၃ ခုနှစ်၊ မတ်လ ၁၇ ရက်နေ့ နိုင်ငံပိုင်ကြေးမုံသတင်းစာပါ အလုပ်ခေါ်စာအရ မူလတန်း စာပေးစာယူသင်တန်းတက်ရောက်မည့် အရည်အချင်းစစ်စာမေးပွဲ ယှဉ်ပြိုင်ဖြေဆိုအောင်မြင် ခဲ့ပြီးသော အထွေထွေလုပ်သားများကို သတင်းစာပါ အလုပ်ခေါ်စာကတိကဝတ်အတိုင်း မူလတန်း စာပေးစာယူသင်တန်းခေါ်ယူရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း
အခြေခံပညာဦးစီးဌာန၏ ဘွဲ့ရ အထွေထွေလုပ်သားများ၏ ရာထူးတိုးကိစ္စနှင့်ပတ်သက်၍ တက္ကသိုလ်ဝင်တန်းအောင် အထွေထွေ လုပ်သား(အမျိုးသား)များကို ၂၀၁၃ ခုနှစ်၊ မတ်လ ၁၇ ရက် နေ့ နိုင်ငံပိုင်ကြေးမုံသတင်းစာတွင် ကြော်ငြာ၍ အလုပ်ခေါ်ယူခဲ့ခြင်းဖြစ်ပြီး ၂၀၁၃ ခုနှစ်၊ ဩဂုတ်လ ၁ ရက်နေ့တွင် နေ့စားအထွေထွေ လုပ်သားများအဖြစ် ခန့်အပ်ခဲ့ရာ ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့တွင် အမြဲတမ်းဝန်ထမ်းအဖြစ် ခန့်အပ်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ ယခု ၂၀၁၉ ခုနှစ် နိုဝင်ဘာလအထိဆိုလျှင် နေ့စားလုပ်သား အပါအဝင် ပညာရေးဌာနတွင် ခြောက်နှစ် ကျော် တာဝန်ထမ်းဆောင်ခဲ့ပြီးဖြစ်ပါကြောင်း၊ တက္ကသိုလ်ဝင်တန်းအောင် အနေဖြင့် ပညာရေးဌာနကို စတင်ဝင်ရောက်ခဲ့သော အထွေထွေလုပ်သားများသည် ခြောက်နှစ်ကာလအတွင်း တက္ကသိုလ် အသီးသီးက ဘွဲ့ရရှိခဲ့ပြီး ယခုအချိန်တွင် ဘွဲ့ရအထွေထွေလုပ်သားများ ဖြစ်နေကြပါကြောင်း၊ ဘွဲ့ရ အထွေထွေလုပ်သားများသည် တာဝန်ထမ်းဆောင်စဉ် ကာလတစ်လျှောက်လုံး သင်ကြားရေးကိုသာ တစ်စိုက်မတ်မတ် တာဝန်ထမ်းဆောင်ခဲ့ပြီး ပညာရေးဌာန၌ လက်ရှိ အကောင်အထည် ဖော်လျက် ရှိသော အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်းစနစ် ပညာရေး၏ KG၊ Grade-1၊ Grade-2၊ Grade-3 သင်တန်းပေါင်းစုံကို တက်ရောက်ထားပြီးဖြစ်ပါကြောင်း၊ ဘွဲ့ရ အထွေထွေလုပ်သားများ သည် ၎င်းတို့ကို အလုပ်ခေါ်စဉ်က ခန့်ထားခံရသူများအား မူလတန်း စာပေးစာယူသင်တန်း တက် ရောကရမည်ဟု အလုပ်ခေါ်စာတွင် ပါရှိသော်လည်း တက်ရာက်ခွင့်မရကြသေးပါကြောင်း၊ အထွေ ထွေလုပ်သားရာထူးမှ ရာထူးတိုးရယူလိုပါက စာရေး(၁)ရာထူးသို့သာ လျှောက်ခွင့်ရှိပြီး မူလတန်းပြ ဖြစ်လိုပါက ပြင်ပဘွဲ့ရများနည်းတူ PPTT ဖြေဆိုရမည်ဟု သိရပါကြောင်း၊ ၎င်း အထွေထွေ လုပ်သား များသည် အလုပ်လျှောက်စဉ်ကတည်းက စာရေး(၁)ရာထူးနှင့် အထွေထွေလုပ်သား ရာထူး နှစ်မျိုး စလုံးကို လျှောက်ခွင့်ရှိသော်လည်း သင်ကြားရေးကိုသာ ဝါသနာပါသည့်အလျောက် မူလတန်း စာပေးစာယူသင်တန်း တက်ရောက်ရမည်ဟုပါရှိသည့် အထွေထွေလုပ်သား ရာထူးကိုသာ လျှောက်ထားခဲ့ခြင်း ဖြစ်ပါကြောင်း။
မူလတန်း စာပေးစာယူသင်တန်း တက်ရောက်ရမည့် အလုပ်ခေါ်စာအတိုင်း အလုပ်ဝင်ရောက်ခဲ့ပြီး သင်ကြားရေးကိုသာ စိတ်ဝင်စားသူ အထွေထွေလုပ်သားများကို သင်ကြားရေးနှင့်မသက်ဆိုင်သော စာရေး(၁)ရာထူးသို့သာ တိုးမြှင့်ပေးနေခြင်းသည် လူမှန်၊ နေရာမှန်မဟုတ်ဘဲ ရာထူးခွဲဝေမှု လွဲချော် နေသည်ကို တွေ့ရပါကြောင်း၊ အလုပ်ခေါ်စဉ်ကတည်းက စာရေး(၁)ရာထူးသို့ လျှောက်ထားခွင့် ရှိ သော်လည်း မလျှောက်ထားဘဲ အထွေထွေလုပ်သားရာထူးသို့သာ လျှောက်ထားခဲ့သည့် အကြောင်း ရင်းမှာ အလုပ်ခေါ်စာတွင် ပါဝင်သော ခန့်ထားခံရသူများက မူလတန်း စာပေးစာယူသင်တန်း တက်ရောက်ရမည် ဟူသောတိကျသည့် သတ်မှတ်ချက်ကြောင့်သာဖြစ်ကြောင်း အလုပ်ခေါ်စာကို ကြည့်လျှင် သိနိုင်ပါကြောင်း၊ အလုပ်ခေါ်စဉ်က အမျိုးသားများသာ သီးသန့်ခေါ်ယူခဲ့ခြင်းဖြစ်ပြီး လက်ရှိပညာရေးဌာနမှာ အမျိုးသားဆရာဦးရေသည် အင်မတန် နည်းပါးမှုရှိသည်ကို အားလုံးသိပြီး ဖြစ်ပါကြောင်း၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင် အမျိုးသားတွေ ဆရာလုပ်ဆောင်ကြဖို့ တစ်စိုက်မတ်မတ် တိုက်တွန်းနေသည်ကို တွေ့ရှိရပါကြောင်း၊ ပညာရေးဌာန၏ အမျိုးသားဆရာ လိုအပ်ချက်ကို ဖြည့်ဆည်းရန် ရည်ရွယ်၍ခေါ်ခဲ့သည်ကို နားလည်ပါကြောင်း၊ ဘွဲ့ရ အထွေထွေ လုပ်သားများ အမျိုးသားများကို အလုပ်ခေါ်စာအတိုင်း မူလတန်း စာပေးစာယူသင်တန်း တက် ရောက်ခွင့်ပြုပြီး မူလတန်းပြအဖြစ် ခန့်ထားပေးခြင်းဖြင့် ပညာရေးဌာန၏ ဆရာလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည် ဖြစ်ပါကြောင်း၊ ပညာရေးဌာနတွင် သင်ကြားရေးဆရာများ နှစ်စဉ် လိုအပ် လျက်ရှိပြီး ပညာရေးဌာန၏ ဆရာလိုအပ်ချက်ကို ဖြည့်ဆည်းရာ၌ အရည်အသွေးပြည့်ဝသော ဆရာများ ပေါ်ထွန်းလာစေရေးသည် အလွန်အရေးကြီးသည့် အခန်းကဏ္ဍတစ်ရပ်အနေဖြင့် ပါဝင် နေပါကြောင်း၊ အရည်အသွေးပြည့် ဆရာပေါ်ထွန်းလာစေရေးအတွက် ရေးဖြေ၊ နှုတ်ဖြေ စာမေးပွဲ များကို ယှဉ်ပြိုင်ဖြေဆိုစေပြီး အောင်မြင်သူများကိုသာ ခန့်ထားခြင်း ဖြစ်ပါကြောင်း၊ ဘွဲ့ရ အထွေ ထွေ လုပ်သားများသည် အင်္ဂလိပ်၊ သင်္ချာ၊ အထွေထွေဗဟုသုတ ရေးဖြေ၊ နှုတ်ဖြေ စာမေးပွဲများကို ယှဉ်ပြိုင်ဖြေဆို အောင်မြင်ပါက မူလတန်း စာပေးစာယူသင်တန်း တက်ရောက်ရမည်ဟု ကြေးမုံ သတင်းစာတွင်ပါရှိသော်လည်း ယနေ့အထိ တက်ရောက်ခွင့်မရကြသေးပါကြောင်း၊ ထိုသို့ အရည် အချင်းစစ်စာမေးပွဲ အောင်မြင်ထားသော ဘွဲ့ရအထွေထွေလုပ်သားများကို ပြင်ပဘွဲ့ရများနည်းတူ PPTT ယှဉ်ပြိုင် ဖြေဆိုခိုင်းနေခြင်းသည် အရည်အချင်းစစ်စာမေးပွဲ နှစ်ကြိမ် ဖြေဆိုခိုင်းသလို ဖြစ်နေ ပါကြောင်း၊
၂၀၁၃ ခုနှစ်၊ မတ်လ ၁၇ ရက်နေ့၌ နိုင်ငံပိုင်ကြေးမုံသတင်းစာပါ အလုပ်ခေါ်စာအရ မူလတန်း စာပေးစာယူသင်တန်း တက်ရောက်မည့် အရည်အချင်းစစ်စာမေးပွဲ အင်္ဂလိပ်၊ သင်္ချာ၊ အထွေထွေ ဗဟုသုတ တစ်နာရီမေးခွန်း ရေးဖြေ၊ နှုတ်ဖြေစာမေးပွဲများကို ယှဉ်ပြိုင်ဖြေဆိုအောင်မြင်ခဲ့ပြီးသော အထွေထွေ လုပ်သားများကို အလုပ်ခေါ်စာပါ သတ်မှတ်ချက်အတိုင်း မူလတန်း စာပေးစာယူ သင်တန်းခေါ်ယူရန် အစီအစဉ်ရှိ/မရှိ သိလိုပါကြောင်း မေးမြန်းပါသည်။