(ဇ)-ဥတ္တရသီရိမြို့နယ် မြေနေရာရှိပြီးသော မင်းကုန်းအုပ်စုတွင် မီးသတ်ကားထားရှိပြီး ရုံးခွဲ ဖွင့်လှစ် ပေးရန်၊ တောင်ညိုအုပ်စု၊ ရွှေနံ့သာရပ်ကွက်နှင့် မောင်းရမ်းအုပ်စုများတွင် မီးသတ်ကား ထားရှိနိုင် ရေး ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

2021-01-02

 

ဥတ္တရသီရိမြို့နယ်၏ မြို့နယ်မီးသတ်တပ်ဖွဲ့စခန်း မြို့နယ်ရုံးစိုက်ရာ ရပ်ကွက်တွင်တည်ရှိသည့်အတွက်  ဝဏ္ဏသိဒ္ဓိ အားကစားကွင်းအကျော် ရွှေနံ့သာရပ်ကွက်မှ တောင်တွင်းလမ်းပေါ်ထိ တောင်ညို အုပ်စုများတွင် မီးဘေးအန္တရာယ်ကျရောက်လာပါက မီးသတ်ကားအနေဖြင့် အချိန်မီရောက်ရှိရန် အားနည်းသည့်အတွက် မဆုံးရှုံးသင့်ဘဲ ဆုံးရှုံးနေသည်များ ဖြစ်ပေါ်လာပါကြောင်း၊ ၂၀၁၉ ခုနှစ်၊ ဧပြီလ ၂၆ ရက်နေ့တွင် မောင်းရမ်းအုပ်စု၊ ဖျက်ကုန်းရွာတွင် လည်းကောင်း၊ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၇ ရက်နေ့တွင် တောင်ညိုအုပ်စုတွင်လည်းကောင်း မီးလောင်မှုများဖြစ်ပေါ်ခဲ့ရာ အချိန်နှင့် တစ်ပြေးညီ မီးသတ်ကားကိုခေါ်နိုင်ခဲ့သော်လည်း မီးသတ်ဦးစီးဌာနရုံးမှ မီးလောင်ရာအခင်းဖြစ်သည့် နေရာအထိ တစ်နာရီပတ်ဝန်းကျင်ခန့် မောင်းနှင်းရခြင်းကြောင့် မဆုံးရှုံးသင့်ဘဲ ပိုပြီး ဆုံးရှုံးခဲ့သည်များရှိပါကြောင်း၊ ထို့ကြောင့် သက်ဆိုင်ရာမြို့နယ်တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေးပြီး မီးသတ်ဦးစီးဌာနနှင့် ညှိနှိုင်းခဲ့ရာ ရွှေနံ့သာရပ်ကွက်နှင့်မင်းကုန်းအုပ်စုတွင် မီးသတ်ရုံးမြေနေရာများ ရရှိထားပြီးဖြစ်ပါကြောင်း၊ ရုံးမြေနေရာ ရထားပြီး အဆိုပါနေရာများတွင် မီးသတ်ကားထားရှိနိုင်မည်ဆိုပါက အချိန်နှင့်တစ်ပြေးညီ ပြည်သူများကို အကူအညီပေးနိုင်မည်ဖြစ်ပါကြောင်း၊ မြို့နယ်ရုံးတွင်လည်း မီးသတ်ကား အင်အားအပြည့်ရှိပါကြောင်း၊ မီးသတ်ယာဉ်နှင့် မီးသတ် ရေသယ်ကားများလည်းရှိပါကြောင်း၊

တောင်ညိုအုပ်စုတွင် မီးလောင်မှုဖြစ်ပေါ်ပြီးနောက်ပိုင်း ကိုယ်ထူကိုယ်ထစနစ်ဖြင့် ကျေးရွာအုပ်စု တာဝန်ခံများ၊ ရပ်မိရပ်ဖတွေအကုန်လုံးစုပေါင်းရှာဖွေ၍ ကျေးရွာပိုင်မြေပေါ်တွင် မီးသတ်စခန်း ယာယီဖွင့်နိုင်ရန် ဝိုင်းဝန်းစီစဉ်ကြသည့်အတွက် ယခုအချိန်တွင် မြေနေရာလည်းရနေပြီဖြစ်ပါကြောင်း၊ ၎င်းတို့အနေဖြင့် အဆောက်အဦ ခိုင်ခိုင်မာမာ မရခဲ့လျှင်လည်း မီးသတ်ကားနှင့် မီးသတ်တပ်ဖွဲ့အင်အား အသင့်အတင့်ဖြင့် ယာယီမီးသတ်စခန်းထားရှိပေးရန်နှင့် မီးဘေးအန္တရာယ်ကျရောက်ပါက အချိန်နှင့် တစ်ပြေးညီ ကူညီနိုင်ရန် တောင်းဆိုခဲ့ပါကြောင်း၊

ထို့ကြောင့် ရွှေနံသာရပ်ကွက်နှင့် မင်းကုန်းအုပ်စုမှာရှိ ရုံးမြေနေရာပေါ်တွင် မီးသတ်ကား၊ မီးသတ်ရုံး ခွဲများကိုလည်းကောင်း၊ လက်ရှိတောင်ညိုအုပ်စု၏ ကိုယ်ထူကိုယ်ထမြေနေရာတွင်လည်း မီးသတ် ဌာနခွဲနှင့် မီးသတ်ကားထားရှိပေးရန် အစီအစဉ်ရှိ/မရှိ၊ အစီအစဉ်ရှိပါက မည်သည့်အချိန်တွင် ဆောင်ရွက် ပေးမည်နှင့် အစီအစဉ်မရှိသေးပါက မည်သည့်အတွက်ကြောင့် ဆောင်ရွက်ပေးနိုင်ခြင်း မရှိသည်ကို သိရှိလိုပါ ကြောင်း မေးမြန်းပါသည်။