(ဈ)-သိန္နီမြို့နယ်၊ မြို့နယ်ရဲတပ်ဖွဲ့စခန်းအတွက် ၂၀၂၀-၂၀၂၁ စီမံကိန်းတွင် မြို့နယ်ရုံးတစ်ထပ်ဆောင် ဆောက်လုပ်ခြင်း၊ အချုပ်ခန်းတစ်လုံးဆောက်လုပ်ခြင်းနှင့် လူနေအိမ်လိုင်းခန်းဆောက်လုပ်ခြင်း တို့ကိုဆောင်ရွက်ပေးရန်အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

2021-01-02

 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သန္နီမြို့နယ် ရဲတပ်ဖွဲ့စခန်းတွင် လက်ရှိတာဝန် ထမ်းဆောင်နေသည့် ရဲတပ်ဖွဲ့ဝင်များအရေအတွက်နှင့် ရုံးခန်း၊ ဝန်ထမ်းအိမ်ရာများ ကိုက်ညီမှုမရှိတော့သည်ကို တွေ့ရပါကြောင်း၊ မြို့နယ်ရုံးမှာလည်း ကျဉ်းကျပ်နေပြီး ရုံးလုပ်ငန်းဆောင်ရွက်သည့်အခါ အဆင်မပြေပါကြောင်း၊ လက်ရှိရဲဝန်ထမ်းဦးရေသည် ၉၀ ကျော် ရှိပြီး လိုင်းခန်းများလုံလောက်မှုမရှိသဖြင့် ပြင်ပတွင်ငှားရမ်းနေထိုင်ရခြင်းများလည်းရှိနေသည်ကို  တွေ့ရပါကြောင်း၊ အိမ်ခန်းငှားစရိတ်ကြီးမြင့်လာသည့်အတွက် ရရှိသည့် လစာနှင့် လုံလောက်မှု မရှိတော့သည်ကိုလည်းတွေ့ရပါကြောင်း၊ ရဲဝန်ထမ်းများအတွက် အခက်အခဲဖြစ်လျက်ရှိပါကြောင်း၊

ထို့အပြင် လက်ရှိစခန်း၏ အချုပ်ခန်းတွင်လည်း အခန်းတိုးချဲ့၍မရတော့သည့်အတွက် လက်ရှိ အချုပ်သားများနှင့် ပြည့်ညက်စွာထားနေရပါကြောင်း၊ အချုပ်သားများလည်း ကျဉ်းကျပ်စွာ ထားရှိနေရသည့်အတွက် ၎င်းတို့၏ကျန်းမာရေး၊ နေထိုင်ရေးအခက်အခဲများစွာ ရင်ဆိုင် နေရပါကြောင်း၊ အချုပ်သားများကိုထိန်းသိမ်းရာတွင်လည်း အခက်အခဲဖြစ်လျက်ရှိနေသည်ကို တွေ့ရပါကြောင်း၊ ယခင်နှစ်များတွင်လည်း မြို့နယ်စီမံကိန်းလျာထားမှုတွင် တင်ပြခဲ့သော်လည်း စီမံကိန်း ဘတ်ဂျက်အနေနှင့် ကျမလာသည့်အတွက် ယခုနှစ်စီမံကိန်းလျာထားချက်တွင်  ထပ်မံတင်ပြတောင်းဆို အပ်ပါကြောင်း၊ ထို့ကြောင့် သိန္နီမြို့နယ်၊ မြို့နယ်ရဲစခန်းအတွက် ၂၀၂၀-၂၁ စီမံကိန်းတွင် မြို့နယ်ရုံးတစ်ထပ်ဆောင်ဆောက်လုပ်ခြင်း(၄၀ x ၃၂ x ၁၁)ပေ အချုပ်ခန်းတစ်လုံး ဆောက်လုပ်ခြင်း(၅၂ x ၅၂ x ၁၂)ပေနှင့် လူနေအိမ်လိုင်းခန်းဆောက်လုပ်ခြင်း ခြောက်ခန်းတွဲ နှစ်ထပ်ငါးလုံး (၁၂၆ x ၃၆ x ၆)ပေတို့ကို ဆောင်ရွက်ပေးနိုင်ရန်အစီအစဉ်ရှိ/မရှိနှင့် ရှိပါက မည်သည့် အချိန်ကာလများတွင် ဆောင်ရွက်ပေးနိုင်မည်ကို မေးမြန်းပါသည်။