(င)-ဆိုင်ကယ်လိုင်စင်ကိုလွယ်ကူစွာပြုလုပ်နိုင်ရေး၊ လိုင်စင်မဲ့ ဆိုင်ကယ်များ အလိုအလျောက် ပျောက် ကွယ်ရေးတို့အတွက် မည်ကဲ့သို့ စီစဉ်မည်ကို သိ လိုကြောင်း နှင့် စပ်လျဉ်းသည့် မေးခွန်း

2021-01-02

ဦးမြင့်စိုး (ပျော်ဘွယ်) ယနေ့ဆိုင်ကယ်များကို ဥပဒေအရ ဖမ်းဆီးရာတွင် ယခင်က ညွှန်ကြားထားသကဲ့သို့ အစီးရေ ကန့်သတ်ချက်များဖြင့် သတ်မှတ်ဖမ်းဆီးစေခြင်းမျိုးသည် မသင့်လျော်တော့ပါကြောင်း၊  ယင်းကဲ့သို့ ဖမ်းဆီးစေခြင်းဖြင့် ပြည်သူများနှင့် ပဋိပက္ခများဖြစ်ပေါ်နိုင်သည့် အသွင်မပေါ်ပေါက်ခြင်းများလည်း ရှိခဲ့ပါကြောင်း၊  ဆိုင်ကယ်/ ကားလိုင်စင်များ ပြုလုပ်ရာတွင်လည်း အမှန်တကယ် ကုန်ကျမည့်စရိတ်များကို သတင်းစာနှင့် ရုပ်မြင်သံကြားများနှင့် က.ည.န ရုံးများတွင်လည်း ကပ်ထားပေးရန်ဖြစ်ပြီး ပိုမိုတောင်းခံမှုရှိပါက တိုင်ကြားနိုင်ကြောင်း အသိပေးစာတန်းများကို ကပ်ထားပေးစေလိုပါကြောင်း၊ ထို့ကြောင့် (က) အများပြည်သူတိုင်း ဆိုင်ကယ်လိုင်စင်လုပ်နိုင်ရန် ကျသင့်သော အခွန်နှုန်းထား၏ သုံးပုံတစ်ပုံသို့ လျှော့ချပေးသင့်ကြောင်း၊ (ခ) ရံဖန်ရံခါ စစ်ဆေးပညာပေးခြင်း၊ အသိတရားနှင့်လိုက်နာအောင် ကြပ်မတ်မည့် အစား စဉ်ဆက်မပြတ်စစ်ဆေး၍ မြင့်မားသော ဒဏ်ကြေးများတပ်ရိုက်ခြင်းသည် ပြည်သူများထံမှ ငွေရှာသကဲ့သို့ဖြစ်နေကာ ပြည်သူများ ဆင်းရဲကျပ်တည်းမှု ဖြစ်လာနိုင်သဖြင့် ရံဖန်ရံခါ ရုတ်တရက် စစ်ဆေးခြင်းသာပြုလုပ်သင့်ကြောင်း၊ ဒဏ်ကြေး သုံးသောင်းသည်လည်း အလွန်များပြားသည့်အတွက် ပြည်သူ များပေးဆောင်နိုင်မည့် နှုန်းထားတစ်ခုသို့ လျှော့ချသင့်ကြောင်း၊ (ဂ) လိုင်စင်များပြုလုပ်ရာတွင် ပျော်ဘွယ် မ.ထ.သ ရုံးတွင် ပျော်ဘွယ်မြို့နေပြည်သူများအား လုပ်ထုံးလုပ်နည်းနှင့်အညီ သင်တန်းများဖွင့်လှစ်၍ လိုင်စင်ပြုလုပ်ပေးခြင်း၊ လိုင်စင်သက်တမ်းတိုး ပေးခြင်းကိစ္စများကို ရွေ့လျားစနစ်ဖြင့် ၂ လတစ်ကြိမ် ဆောင်ရွက်ပေးရန်ကိုလည်းကောင်း (ဃ) ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ပညာပေးအစီအစဉ်များကို အများပြည်သူ နားဝင်သိရှိနားလည်လိုက်နာနိုင်အောင် ပညာပေးဟောပြောပွဲများ ကျေးလက်အထိ ဟောပြောစေလိုကြောင်း၊ (င) လိုင်စင်မဲ့ဆိုင်ကယ်များ နယ်စပ်မှ တရားမဝင် မဝင်ရောက်နိုင်ရန် အတွက် နိုင်ငံခြားကုမ္ပဏီများကို မြန်မာနိုင်ငံအတွင်းသို့ ဆိုင်ကယ်ထုတ်လုပ်ခွင့် လွယ်ကူစွာ ထုတ်လုပ်နိုင်ရန်အတွက် ချပေးခြင်းဖြင့် ပြည်သူများ အလုပ်အကိုင်ရရှိပြီး လိုင်စင်များကို ဈေးနှုန်းသင့်တင့်စွာ ချပေးပါက ယခုကဲ့သို့ နယ်စပ်မှတင်သွင်းသော လိုင်စင်မဲ့များ အလိုအလျောက် ပျောက်ကွယ် သွားမည်ဖြစ်ပါကြောင်းကို ပြည်သူများမှ တင်ပြလာပါသဖြင့် မည်ကဲ့သို့ ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။