(ခ)-ညနေပိုင်းအင်ဂျင်နီယာသင်တန်းများဖြစ်သော E.T.E.C(ဒီပလိုမာ) နှင့်E.G.T.I(ဒီပလိုမာ)သင်တန်း များဖွင့်ပေးနိုင်ခြင်းရှိ၊မရှိ နှင်စပ်လျဉ်းသည့်မေးခွန်း

2021-01-02

ဦးအောင်သိုက် (ဆိပ်ဖြူ)E.T.E.C ညနေပိုင်း အင်ဂျင်နီယာသင်တန်းကို ၁၉၅၄-၅၅ ပညာသင်နှစ် မှစ၍ ၁၉၉၀-၁၉၉၁ အထိ ဖွင့်လှစ်ခဲ့ပါကြောင်း၊ ရန်ကုန်မြို့ နတ်မောက် စက်မှုလက်မှုအထက်တန်း ကျောင်း အမှတ်(၁)နှင့် စက်မှုလက်မှုသိပ္ပံ(မန္တလေး)တို့တွင် ဖွင့်လှစ်ခဲ့ပါကြောင်း၊ သင်တန်းကာလမှာ သုံးနှစ်ဖြစ်ပါကြောင်း၊ သင်ကြားသော ဘာသာရပ်များမှ မြို့ပြ (Civil)၊ လျှပ်စစ်စွမ်းအား (Electrical Power)၊ စက်မှုစွမ်းအား (Mechanical Power) တို့ ဖြစ်ပါကြောင်း၊ ထို့နောက် E.G.T.I ညနေပိုင်း အင်ဂျင်နီယာသင်တန်းကို စက်မှုစိုက်ပျိုးနှင့် သက်မွေးပညာဦးစီးဌာနလက်အောက်ရှိ စက်မှုလက်မှုသိပ္ပံကို ၁၉၆၉-၇၀ ပညာသင် နှစ်မှ ၁၉၉၅-၉၆ ခုနှစ်အထိ ဖွင့်လှစ်ခဲ့ပြီး အင်းစိန် (GTI) တစ်ကျောင်းကို သာ ဖွင့်လှစ်နိုင်ခဲ့ပြီး ၁၉၉၈-၉၉ ပညာသင်နှစ်မှ ၂၀၀၁-၀၂ ပညာသင်ထိ ထပ်မံဖွင့်လှစ်ခဲ့ပြီးနောက် ယနေ့အထိ ဖွင့်လှစ်နိုင်ခြင်း မရှိခဲ့ပါကြောင်း၊ E.G.T.I သင်ကြားသောဘာသာရပ်များ မှ မြို့ပြ(Civil)၊ လျှပ်စစ်စွမ်းအား(Electrical Power)၊ စက်မှုစွမ်းအား (Mechanical Power) တို့ဖြစ်ပါကြောင်း၊ သင်တန်းကာလမှာ သုံးနှစ်ဖြစ်ပြီး အောင်မြင်ပါက E.G.T.I ဒီပလိုမာဘွဲ့ရရှိမည်ဖြစ်ပြီး ၎င်းဘွဲ့မှာ A.G.T.I နှင့် အရည်အချင်း အတူတူ ဖြစ်ပါကြောင်း၊ ညနေပိုင်း အင်ဂျင်နီယာသင်တန်းဖြစ်သော နတ်မောက် အထက်တန်းကျောင်းတွင် ဖွင့်လှစ်သင်ကြားခဲ့သည့် E.T.E.C ဒီပလိုမာသင်တန်းနှင့် အင်းစိန် GTI ကျောင်းတွင် ဖွင့်လှစ်သော E.G.T.I သင်တန်းများ ဖွင့်လှစ်ပေးရန်အစီအစဉ်ရှိ/မရှိ နှင့် ဖွင့်လှစ်ပေးမည်ဆိုပါက မည်သည့်အချိန်၊ မည်သည်‌့ကာလတွင် ဖွင်‌့လှစ်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။