(ဆ)-ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့်ကျန်းမာရေး အာမခံစနစ်ကို ပြည်သူလူထုအတွက် အကောင် အထည် ဖော်ဆောင်ရွက်ရန် အစီအစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း

2021-01-02

မိမိတို့နိုင်ငံ၏ ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို လေ့လာတင်ပြရမည် ဆိုပါက နိုင်ငံတော်က တာဝန်ယူဆောင် ရွက်နေသော ကျန်းမာရေးစနစ်၊ ပုဂ္ဂလိက တာဝန်ယူဆောင်ရွက်နေသော ကျန်းမာရေးစနစ်ဟူ၍ အကြမ်းဖျဉ်း (၂)ပိုင်း ခွဲခြားတွေ့မြင်နိုင် မည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်အပိုင်းအနေဖြင့် ကျန်းမာရေးကဏ္ဍတွင် အနောက်တိုင်းဆေးဝါးများ၊ တိုင်းရင်းဆေးဝါးများဖြင့် ကျန်းမာရေးမြှင့်တင်မှု၊ ရောဂါကာ ကွယ်နှိမ်နှင်းရေး၊ ရောဂါကုသရေးလုပ်ငန်း များနှင့် ပြန်လည်သန်စွမ်းရေးလုပ်ငန်းများကို အခမဲ့ကျန်းမာရေးနှင့် စရိတ်မျှပေး ကျန်းမာရေးစောင့်ရှောက် မှုစနစ်များဖြင့် ဆောက်ရွက်ပေးနေသည်ကို သိရှိရပါကြောင်း၊ သို့သော် ပြည်လူထု အနေဖြင့်လည်း မိမိတို့၏ ငွေကြေးအတိုင်းအတာအရ  မြို့ကြီးများတွင် ဖွင့်လှစ် ထားသော အထူးကုဆေးရုံကြီး များ၊ ဆေးခန်းများ၊ ကိုယ်ပိုင်ဆေးခန်းများအပေါ် မှီခိုအားထားနေသည်ကိုတွေ့ရှိရပါကြောင်း၊ ထို့အတူ ပြည်တွင်းရှိ ပြည်တွင်း/ပြည်ပ လူမှုရေးအသင်း အဖွဲ့အစည်းများ၊ ဘာသာရေးအသင်းအဖွဲ့ အစည်းများကလည်း စေတနာ မေတ္တာဖြင့် ကျန်းမာ ရေးစောင့်ရှောက်မှုများ ပေးနေသည်ကို တွေ့ရှိရပါကြောင်း၊ ထိုကဲ့သို့ နိုင်ငံတော်အပိုင်းနှင့်၊ ပုဂ္ဂလိကအပိုင်းပါ တာဝန်ယူစောင့် ရှောက်နေသော ဤစနစ်နှစ်မျိုးကို  နှစ်ပေါင်းများစွာ ဆောင်ရွက်နေပြီး  ပြည်သူလူထုအပေါ် အမှန်တကယ်အကျိုးသက်ရောက်မှု ရှိ/မရှိဆိုတာ လေ့လာ သုံးသပ်ရန် လိုမည်ဖြစ်ပါကြောင်း၊  နိုင်ငံတော်အပိုင်းအနေနှင့် ကျန်းမာရေးအသုံးစရိတ်များကို ပြည်ထောင်စုလွှတ်တော်က နှစ်စဉ် တိုးမြှင့်သုံး စွဲပေးနေသကဲ့သို့ နိုင်ငံတကာအဖွဲ့အစည်းများက အထောက်အပံ့တွေများ ပေးနေသော်လည်း ကျန်းမာရေးကဏ္ဍ တွင် ထူးခြားပြောင်းလဲသည့် ကျန်းမာရေး စောင့်ရှောက်မှုမရရှိသေးပါကြောင်း၊ ပြည်သူ လူထုအနေဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးရန်သည် နိုင်ငံတော်နှင့် အစိုးရ၏ တာဝန်ဟုသာ မှတ်ယူကာ အခမဲ့ကုသမည့် ခံယူချက်သာ ဆုပ်ကိုင်ထားပါကြောင်း၊  ထို့ကြောင့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွင် နိုင်ငံတော်အပိုင်း အနေနှင့်လည်း ဝန်ထုပ်ဝန်ပိုးလျော့ချစေရန်နှင့် ပြည်သူဘက်မှ မိမိကျန်းမာရေးကို အလေးအနက်ထား ဂရုပြုဆောင်ရွက်တတ်သော အလေ့အကျင့်ကောင်းများရရှိရန် ကျန်းမာရေးအာမခံစနစ်တစ်ရပ် လိုအပ်နေပြီဖြစ် ပါကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနမှလည်း  ကျန်းမာရေးအာမခံစနစ်တစ်ရပ်ကို ပြည်ထောင်စုဝန်ကြီးဌာနများနှင့် ပူပေါင်းစိစစ် စီစဉ်ဆောင်ရွက်ရန်ရှိကြောင်းကို ဒုတိယပုံမှန် အစည်းအဝေးတွင် ဖြေကြားခဲ့သည့်အတွက်  ကျန်းမာရေး အာမခံစနစ်ကြီးကို ပြည်သူလူထု အတွက် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် လက်ရှိဆောင်ရွက်နေသော အခြေအနေများကိုလည်း သိရှိလိုပါကြောင်းမေးမြန်းပါသည်။