(ဃ)-နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၏အခြေခံအုတ်မြစ်ဖြစ် သည့်စာအုပ်ထုတ်ဝေရေးလုပ်ငန်းနှင့်မြန်မာစာပေ ကမ္ဘာ့ဈေးကွက်သို့ထိုးဖောက်နိုင်ရေးအတွက်ဘာ သာပြန်လုပ်ငန်းနှင့် ပတ်သက်၍အစိုးရကကူညီပံ့ ပိုးပေးရန်အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

2021-01-02

မိမိတို့နိုင်ငံသည် မိဖုရား ဖွားစောကျောက်စာ၊ သိင်္ဃသူ့သမီး ကျောက်စာ၊ ရာဇကုမာရ် ကျောက်စာ စသည်ဖြင့် ကြီးကျယ်ခမ်းနားသော ဦးမြင့်လွင် (တွံတေး)စာပေသမိုင်း ရှိသည့် နိုင်ငံ တစ်နိုင်ငံဖြစ်ပါကြောင်း၊ ပုဂံခေတ်ကစပြီး ရေတွက်မည်ဆိုလျှင်ပင် မိမိတို့၏ စာပေသက်တမ်းသည် နှစ် ၁၀၀၀ခန့်ရှိပြီး ဒေသတွင်းတွင် ဂုဏ်ယူဝင့်ကြွားနိုင်သည့် သက်တမ်း ပင်ဖြစ်ပါကြောင်း၊

၁၉၆၀-၁၉၇၀  ခုနစ်ခန့်တွင် ပုဂံစာပေ၊ သင့်စာပေ၊ တင်ဆွေလင်းစာပေ၊ ကျော်လင်းစာပေ၊ ဝင်းမော်ဦးစာပေများက ထုတ်သည့် စာအုပ်များ၊ အရှေ့ကနေဝန်းထွက်သည့်ပမာ၊ မရဏ မောင်းလောင်း အောင်စည်လောင်း၊ ဘုံဘဝစသည့် စာအုပ်များသည် လူငယ်များအနေဖြင့် အသည်းစွဲ ဖတ်ခဲ့ပါကြောင်း၊ ထိုစဉ်ကစာအုပ်ကြီးတွေပုံနှိပ်မှတ်တမ်းတွင် အုပ်ရေ ၁၀၀၀၀၊ ၂၀၀၀၀ ၃၀၀၀၀ စသည့်ဖြင့် ပုံနှိပ်ရိုက်နှိပ်ရပါကြောင်း၊ သို့သော် မကြာသေးမီက အင်မတန်နာမည်ကြီးသည့် Best Seller ဆရာမလေး တစ်ယောက်၏ နာဂစ်ကို နောက်ခံရေးထားသည့်ဝတ္ထုသည် လူကြိုက်များပြီး ဖတ်၍ အင်မတန်ကောင်းသော်လည်း အုပ်ရေအားဖြင့် အုပ်ရေ ၁၀၀၀ ဟုသာ ပုံနှိပ် မှတ်တမ်းတွင် တွေ့ရပါကြောင်း၊  ထိုသို့ အုပ်ရေများ လျှော့ပေါ့ထုတ်လာရခြင်းသည် TV၊ Video၊  Internetနှင့်  အခြားသော ဖျော်ဖြေမှုများကြောင့် ဟူ၍ အကြောင်းပြနိုင်သော်လည်း ဂျပန်၊ ဂျာမနီ၊ အင်္ဂလန် စသည့်နိုင်ငံများ၏  စာအုပ်ထုတ်ဝေရေးလုပ်ငန်းများအနေဖြင့် မိမိတို့ကဲ့သို့ ဆိုးဝါးစွာ ကျဆင်း သွားခြင်းမရှိပါကြောင်း၊ထို့ကြောင့် စာပေထုတ်ဝေရေးလုပ်ငန်းတွင် ယခုကဲ့သို့ နိမ့်ပါးကျဆင်း နေမှု များနှင့် ပတ်သက်၍  စာပေလောကသားများ၊ စာရေးဆရာများ ထုတ်ဝေရေးသမားများကို နိုင်ငံတော် အစိုးရက ကူညီ ဆောင်ရွက်မည့် ရေရှည်/ရေတို အစီအမံများ ရှိ/မရှိဆိုသည်ကိုသိရှိလိုပါကြောင်း၊

မိမိတို့နိုင်ငံတွင် အင်မတန်မှ ထူးခြားထင်ရှားသော စာရေးဆရာကြီးများ၏ စာပေလက်ရာ များသည် ကမ္ဘာ့အဆင့်အတန်းနှင့် ညီသကဲ့သို့ ခံစားရသော်လည်း  ကမ္ဘာ့စာပေနိုဘယ်လ်ဆုအတွက် တစ်ကြိမ် တစ်ခါမှ စဉ်းစားခြင်းမခံရခြင်းမရှိသည့်အတွက် မိမိတို့ စာပေကို ကမ္ဘာကသိရန်၊ မြန်မာ့စာပေလက်ရာများကို ကမ္ဘာကသိရန်၊ ဈေးကွက်တွင် ကမ္ဘာ့အဆင့်အတန်းဝင်ရန်၊ နိုဘယ်လ် ဆုကြီးများ အတွက် စဉ်စားနိုင်ရန် ဘာသာပြန်လုပ်ငန်းများကိုကိုဆောင်ရွက်ရန် လိုအပ်သည့်အတွက် စာပေလောကသားများ၊  စာရေးဆရာများ၊ ထုတ်ဝေသူများကို ပြည်ထောင်စုအစိုးရအနေဖြင့် ကူညီ ဆောင်ရွက် သွားရန် အစီအစဉ် ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။