(ဂ)-ကျောင်းဆရာ၊ဆရာမများ၏အပြောင်းအရွှေ့ ကိစ္စများအားစာသင်နှစ်အတွင်းပြုလုပ်ပေးနေသည့် စနစ်နေရာတွင် နွေရာသီကျောင်းပိတ်ရက် ကာလ အတွင်းတွင်သာ ပြုလုပ်ပေးမည့်စနစ်ဖြင့်အစားထိုး ရန် အစီအစဉ် ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း
နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအုတ်မြစ်သည် ပညာရေးဖြစ်ပါကြောင်း၊ ယနေ့ ကမ္ဘာတွင် ပညာတန်ခိုးစွမ်းအားကြီးမားသည့် နိုင်ငံများက ထိပ်တန်းရောက်နေကြပြီး ပညာတန်ခိုးစွမ်းအား နိမ့်ပါး သည့် နိုင်ငံများက နောက်တန်းရောက်နေကြပါကြောင်း၊ နိုင်ငံခေါင်းဆောင်များကလည်း ပညာရေးနှင့်ပတ်သက်ပြီး ပြုပြင်ပြောင်းလဲမှုများကို အရှိန်အဟုန်မြှင့် လုပ်ဆောင်နေကြပါကြောင်း၊ မိမိတို့ ပညာရေးဘတ်ဂျက်သည် လွန်ခဲ့သည့် ၁၀ စုနှစ် ၂ ခု၊ ၃ ခုအတွင်း အမြင့်မားဆုံးသုံးစွဲရန် လျာထားသည်ကို တွေ့ရပါကြောင်း၊
ပညာရေးဝန်ကြီးဌာနအနေဖြင့် National Education Striation ဟုခေါ်သော အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်းကို ၅ နှစ်စီမံကိန်းဖြင့် စီမံချက်ချလုပ်ဆောင်နေသည်ကို မြင်တွေ့ကြရပါကြောင်း၊ အမျိုးသားပညာရေး မူဝါဒကော်မရှင်လည်း ပေါ်ထွက်လာပါကြောင်း၊ မိမိတို့ ပြည်ထောင်စု လွှတ်တော်ကလည်း အတည်ပြုပေးလိုက်သည့်အတွက် မကြာခင်တွင် တည်ငြိမ်ခိုင်မာသော အမျိုးသားရေး ပညာရေးမူဝါဒများ ပေါ်ထွက် လာတော့ မည်ဖြစ်သည့်အတွက် လွန်စွာ ဝမ်းမြောက်မိပါကြောင်း၊ ကျောင်းများတွင် အခြေခံပညာအဆင့်များတွင် အခမဲ့ပညာရေး စနစ် ကို ဖော်ဆောင်နေ ပါကြောင်း၊ ကျောင်းသားများ ကို ပြဋ္ဌာန်း စာအုပ်များလည်း အလကား ရပါကြောင်း၊
ကျောင်းဆရာဆရာမများနှင့်ပတ်သက်ပြီး ကျောင်းရွေ့သည့်ကိစ္စများကြောင့် စာသင်နှစ်များတွင် လုပ်နေသည့် ကိစ္စများတွင် ကျောင်းသားတွေက လှေပြေးတုန်းတက်ကြိုးသကဲ့သို့ အာရရွှင်လန်းစွာ သင်ကြားနေချိန်တွင် ဆရာ ဆရာမများ ပြောင်းသွားသည့်အတွက် အလွန်ဒုက္ခရောက်ကြပါကြောင်း၊ ဆရာဆရာမများကို စာသင်နှစ်အတွင်း မပြောင်းဘဲ နွေရာသီကျောင်းပိတ်ရက်ကာလများ ပြောင်းပါက ပို၍ ကောင်းမွန်ပါကြောင်း၊ ထို့ကြောင့် ပညာရေး စနစ်ကြီးတစ်ခုလုံး အားသွန်ခွန်စိုက်ပြောင်းလဲရန် လုပ်နေချိန်တွင် ဆရာဆရာမများ အပြောင်းအရွှေ့ စာသင်နှစ်အတွင် ပြောင်းရွှေ့တာမျိုး မလုပ်ဘဲ နွေရာသီကျောင်းပိတ်ရက် ကာလတွင် ပြောင်းရွှေ့သည့်စနစ် ကို ပြောင်းလဲ ရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။