(က)-ခေါင်လန်ဖူးမြို့နယ်တွင်အရည်အချင်းရှိသည့် ပညာရေးဝန်ထမ်းများ တိုးမြှင့်ချထားပေးရန် အစီ အစဉ်ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့်မေးခွန်း
ခေါင်လန်ဖူးမြို့နယ်သည် အဓိကအားဖြင့် ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ လူမှုရေး အစစအရာရာ
ဖွံ့ဖြိုးတိုးတက်မှုအနောက်ကျဆုံးမြို့နယ်ဖြစ်ပါကြောင်း၊ ခေါင်လန်ဖူးမြို့နယ်တွင် အ.ထ.က ကျောင်းတစ်ကျောင်း၊ အ.ထ.က(ခွဲ) တစ်ကျောင်း၊ အ.လ.က တစ်ကျောင်း၊ အ.လ.က(ခွဲ) ခုနစ်ကျောင်း၊ မူလွန်တစ်ကျောင်း၊ အ.မ.က ၅၇ ကျောင်း စုစုပေါင်း ၆၈ ကျောင်းရှိပါကြောင်း၊ ၆၈ ကျောင်းနှင့် မြို့နယ်ပညာရေးမှူးရုံးများတွင် တာဝန်ထမ်းဆောင်ရန်အတွက် ပညာရေးဝန်ထမ်း ခွဲဝေအင်အား ၅၃၄ ဦး ရှိရမည်ဖြစ်သော်လည်း လက်ရှိဝန်ထမ်းဦးရေမှာ ၃၅၉ ဦးသာရှိပြီး ၁၇၅ ဦး လစ်လပ်လျက်ပါကြောင်း၊
မိမိတို့ ခေါင်လန်ဖူးမြို့နယ်တွင် ပညာရေးကဏ္ဍ၌ တက္ကသိုလ်ဝင် စာမေးပွဲတွင် ငါးဘာသာ၊ ခြောက်ဘာသာ ဂုဏ်ထူးမဆိုထားနှင့် ရိုးရိုးဖြင့် အောင်မြင်မှုမရှိသည်မှာ ၂၀၀၉ ခုနှစ်ကစပြီး ခြောက်နှစ်ရှိပြီ ဖြစ်ပါကြောင်း၊ တက္ကသိုလ်ဝင်တန်းအောင်မြင်မှုမရှိသည့်အတွက် ဒေသခံဝန်ထမ်း အလွန် ရှားပါးနေပါကြောင်း၊ ထိုသို့ဖြစ်ရခြင်းမှာ အရည်အချင်းရှိ ပညာရေးဝန်ထမ်းများ စေလွှတ်ပေးမှု မရှိခြင်း၊ မူလတန်းပြဆရာဆရာမများနှင့် အလယ်တန်းပြဆရာဆရာမများအား တစ်ဆင့်မြင့် ရာထူးတိုးမြှင့် ခန့်ထားပြီး စေလွှတ်ပေးခြင်း၊ ဆရာဆရာမများ စာသင်နှစ်အမီ မရောက်ရှိခြင်း၊ သင်ရိုးညွှန်းတမ်းများကို ကျွမ်းကျင်ပိုင်နိုင်မှုမရှိဘဲ သင်ကြားနေခြင်း၊ မလေ့လာထားသည့် သင်ရိုးများကို အခန်းကျော်ပြီး သင်ခြင်း၊ စာသင်ချိန်မပြည့်ခြင်း၊ ကျောင်းပိတ်ချိန်မရောက်ရှိဘဲ ကြိုတင်ပိတ်သွားခြင်း၊ သင်ထောက်ကူပစ္စည်း မရှိခြင်း၊ တာဝန်ကျဆရာဆရာမများ ပြည်နယ်အစီအစဉ်ကြောင့်ဟုဆိုကာ ပူတာအိုမြို့တွင် တွဲဖက်ချထားခြင်း စသည်တို့ကြောင့် ဒေသခံကျောင်းသားကျောင်းသူများသည် ပညာရေးတွင် များစွာ နောက်ကျခဲ့ရပါကြောင်း၊ ၂၂-၉-၂၀၁၆ ရက်နေ့တွင် ဖြေကြားပေးပို့သော ပညာရေးဝန်ကြီးဌာန၏ ဖြေကြားချက်တွင် မြို့နယ်ပညာရေးမှူးရုံးအနေဖြင့် စီမံချက် ရေးဆွဲဆောင်ရွက်ခြင်းနှင့် ဘာသာရပ် အလိုက် စစ်ဆေးရေးအဖွဲ့များ စေလွှတ်၍ သင်ကြားသင်ယူမှု လုပ်ငန်းများကို ကြီးကြပ်ခြင်းတို့ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယနေ့အထိ ပညာရေး မှတ်တမ်းများအရ စစ်ဆေးရေးအဖွဲ့စေလွှတ်ပြီး သင်ကြားသင်ယူမှုလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း လုံးဝမရှိခဲ့ပါကြောင်း၊ တစ်နိုင်ငံလုံးတွင် သင်ရိုးညွှန်းတမ်းများတစ်ခုတည်းဖြစ်သော်လည်း အရည်အချင်းရှိ ဆရာဆရာမများ သင်ကြားသင်ယူမှု အားနည်းခြင်းကြောင့် တခြားမြို့များနှင့် များစွာကွာခြားနေသည်ကို တွေ့ရှိရပါကြောင်း၊ ယခုအတိုင်းသာ ဆက်သွားမည်ဆိုပါက ခေါင်လန်ဖူးမြို့နယ်အတွင်းရှိ ဒေသခံကလေးများအတွက် ပညာရေးတွင် ရင်လေးစရာဖြစ်ပါကြောင်း၊ ထို့ကြောင့် ပညာရေးကဏ္ဍများတွင် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲများ ထူးချွန်စွာအောင်မြင်မှုရရှိရန်နှင့် ဒေသခံ ဝန်ထမ်းများ ထွက်ပေါ်လာစေရန် ပညာရေးဝန်ကြီးဌာနအနေဖြင့် အရည်အချင်းရှိသည့် ပညာရေးဝန်ထမ်းများ တိုးမြှင့်ချထားပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။