(ခ) - မင်းကင်း မြို့နယ် ၊ ကနီ - မင်းကင်း - မြို့မ လမ်းကြောင်းပေါ်ရှိ ပုထိုးလုံးချောင်းကို တံတား ထိုးပေးရန်နှင့် ၎င်း လမ်းကြောင်းကို ရာသီ မရွေး သွားလာနိုင်သော လမ်းကြောင်းအဖြစ်အဆင့်မြှင့် တင်ပေးရန်အစီစဉ်ရှိ၊မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

2021-01-02

ဦးမောင်မြင့် (မင်းကင်း)မင်းကင်းမြို့နယ်သည် ချင်းတွင်းမြစ်ကမ်းဘေးတွင်တည်ရှိပြီး လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့် အတွက် ဖွံ့ဖြိုးမှုလည်း နောက်ကျသည့် မြို့တစ်မြို့ဖြစ်ပါကြောင်း၊ လမ်းပန်းဆက်သွယ်ရေးအတွက် ချင်းတွင်းမြစ်ကို အားကိုးအားထားပြုနေရပြီး ယခုအခါ Extreme Weather ကြောင့် နွေရာသီတွင် ရေကြောင်းကြပ်ပြီး သွားလာရေးခက်ခဲ၍ မိုးရာသီတွင် အန္တရာယ် ရှိသဖြင့် ရေယာဉ်များ သွားလာမှုကို တစ်ပတ်၊ ၁၀ ရက်ခန့် ပိတ်ထားရသည့် အလေ့အထရှိပါကြောင်း၊ ထို့ကြောင့် ကုန်စည်ကူးသန်း ရောင်းဝယ်ရေး သာမက ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးကိစ္စများ အတွက်ပါ အခက်အခဲများရှိသည့် အတွက် တပ်မတော်အစိုးရ လက်ထက်တွင် မုံရွာ-ကနီလမ်းမှ တစ်ဆင့် ၆၃ မိုင်ကွာဝေးသည့် မင်းကင်းမြို့ကို မြေသားလမ်း ဖောက်လုပ်ပေးခဲ့ပါကြောင်း၊ သို့သော် မြေသားလမ်းအဆင့်မှ ကျောက်ကြမ်းလမ်း အဆင့်သို့ တက်လှမ်းနိုင်ခြင်းမရှိသည့်အတွက်ကြောင့် Commercially သွားလာနိုင်ခြင်းမရှိသည့် အခြေအနေ ဖြစ်နေပါကြောင်း၊ ၎င်းလမ်းကြောင်းတွင် အဓိကအခက်အခဲနှစ်ခုရှိပြီး Radiance မြက်နဲ့ ဖက်ခက်တောင်တက်လမ်း နှင့် မင်းကင်းမြို့မှ ၄ မိုင်အကွာအဝေးတွင် ရှိသည့် ပုထိုးလုံးချောင်းတို့ ဖြစ်ပါကြောင်း၊ ဖက်ခက် တောင်တက် လမ်းကို Radiance ချရန်နှင့် ပုထိုးလုံးချာင်းကူးတံတား တည်ဆောက်ရေးကို ဆောင်ရွက်ပေးနိုင်ပါက ၎င်းလမ်းသည် commercial လမ်း မလွှဲမသွေဖြစ်လာမှာ သေချာပါကြောင်း၊ ပုထိုးလုံးချောင်းသည် ကနီမြို့အဝင်တွင်ရှိသည့် ရေဝါချောင်းလောက်သာရှိပါကြောင်း၊ ကွာခြားသည်မှာ ရေဝါချောင်းသည် ဆယ့်နှစ်ရာသီ ရေမစီးပါကြောင်း၊ တစ်ခါတစ်ရံ မိုးကြီးသည့် အခါမှသာ ရေကျသည့် ချောင်းဖြစ်ပြီး ပုထိုးလုံးချောင်းကတော့ နွေမိုးဆောင်း ရေအမြဲတမ်း ရှိနေပါကြောင်း၊  ရေများသည့်အခြေအနေတွင် လှေဖောင်များသွား၍မရပါကြောင်း၊ မုံရွာ-ကနီ-မင်းကင်းလမ်းပေါ်တွင် ရှိသည့် ပုထိုးလုံးချောင်းကူး တံတားကို ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် အစီအစဉ်ရှိပါက မည်သည့်ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်နိုင်မည်ကို သိရှိလိုပါကြောင်းနှင့် ကနီ-မင်းကင်းလမ်းကို ရာသီမရွေးသွားလာနိုင်သည့် လမ်းအဖြစ် အဆင့်မြှင့်တင်ပေးရန် အစီအစဉ်ရှိ/မရှိ တို့ကိုမေးမြန်းပါသည်။