(ဆ)-မန္တလေး-တွင်းငယ်-မိုးမိတ်-မန်တုံ-နမ့်ခမ်း လမ်းမကြီးကို ပထမဦး စားပေး ဖောက်လုပ်ရန် အစီအစဉ်ရှိ၊ မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်း

2021-01-02

ဦးတိုးသောင်( မိုးမိတ် မဲဆန္ဒနယ်)ဇွန်လ ၂၇ ရက်နေ့တွင် ဆောက်လုပ်ရေးဝန်ကြီး မိုးမိတ်သို့လာရောက်ရှိစဉ် အုပ်ချုပ်ရေးမှူးများ၊ ဆောက်လုပ်ရေးဝန်ထမ်းများနှင့် တွေ့ဆုံ၍ မန္တလေး-တွင်းငယ်-မိုးမိတ်-မန်တုံ-နမ့်ခမ်း ပြည်ထောင်စု လမ်းမကြီးကို ပထမဦးစားပေး ဖောက်လုပ် မည်ဟု ပြောကြားခဲ့ ပါကြောင်း၊ထို့ကြောင့် ၎င်းလမ်းနှင့် ပတ်သက်၍ မည်သည့်အချိန်၊မည်သည့်ခုနှစ်တွင် ဖောက်လုပ်ပေးနိုင်မည်ကိုသိလို၍ မေးမြန်းခြင်း ဖြစ်ပါကြောင်း၊တိုင်းပြည်တစ်ပြည်၏ မြို့နယ်၊ ကျေးရွာတိုးတက်ရန် လမ်းပန်းဆက်သွယ်ရေးသည် အဓိက ကျ ပါ ကြောင်း၊လမ်းပန်းဆက်သွယ်ရေးကောင်းမှ မြို့နယ်များ ဖွံ့ဖြိုးတိုးတက်မှာဖြစ်ပါကြောင်း၊ ထို့ကြောင့် ဝန်ကြီးပြောသွားသည့် ဖောက်လုပ်မည့် မိုးမိတ်လမ်းသည် မိုးမိတ်ပြည်သူများနှင့် မန်တုံ ပြည်သူများ၏ ဘဝကို တိုးတက်ပြောင်းလဲစေ မည် ဖြစ်ပါကြောင်း၊ မိုးမိတ်မြို့နှင့် မန်တုံမြို့သည်  ၅၈ မိုင် ဝေးသည့်အတွက် ဖောက်လုပ်သင့်သည့် အနေအထားဖြစ်ပါကြောင်း၊ ၎င်းလမ်းကို ဖောက်လုပ်ခြင်း အားဖြင့် နောင်ချို-ဂုတ်တွင်းတွင် ယာဉ်ကြောများ ပိတ်ဆို့နေသည် ကို  ဖြေရှင်းရာရောက်ပါကြောင်း ၊မန်တုံမြို့ရှိ ပလောင် တိုင်းရင်းသူတိုင်းရင်းသားများသည် လက်ဖက်လုပ်ငန်းနှင့် အသက်မွေးကြပါ ကြောင်း၊ ထို့အတူ မိုးမိတ် ပြည်သူများသည်လည်း တောင်သူလုပ်ငန်းနှင့်အသက်မွေးသည့် မြို့/ရွာများ ဖြစ်ပါကြောင်း၊ မိုးမိတ်မြို့မှ ထွက်ရှိသည့် မိုးမိတ်ဆန်၊ ပဲပုတ်တို့ကို မန္တလေး ပွဲရုံကိုတစ်ဆင့်မပို့ဘဲ နမ့်ခမ်း သ့ို တိုက်ရိုက်ပို့နိုင်မည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ မန်တုံပြည်သူများနှင့် မိုးမိတ်ပြည်သူများ၏ဘဝ တိုးတက်မြင့်မားစေရန်အတွက် မည်သည့်ခုနှစ်တွင်အမြန်ဆုံး ဖောက်လုပ် ပေးမည်ကို သိရှိလို ပါကြောင်း မေးမြန်းပါသည်။