(င)-တမူးမြို့နယ်နှင့် ဟုမ္မလင်းမြို့နယ်သို့ ဆက် သွယ်ဖောက်လုပ်ထားသောပြည်ထောင်စုလမ်းမ ကြီးပေါ်ရှိ ကက်သာ၊ အောင်ဇေယျလမ်းပိုင်းအား ရာသီမရွေး သွားလာနိုင်သော လမ်းမကြီးအဖြစ် မည်သို့ စီမံဆောင်ရွက်ပေးမည်ကို သိလိုခြင်း နှင့် စပ်လျဉ်းသည့် မေးခွန်း
တမူးမြို့နယ်နှင့် ဟုမ္မလင်းမြို့နယ်ကို ဆက်သွယ်ဖောက်လုပ်ထားသော ကက်သာ-အောင်ဇေယျ လမ်းပိုင်းကို တိုင်းဒေသကြီးရန်ပုံငွေဖြင့် ၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်၌ ကျပ်သန်းပေါင်း ၉၆၀.၇၁၉ သန်း၊ ၂၀၁၄-၁၅ ခုနှစ်တွင် ကျပ်သန်းပေါင်း ၇၀၅.၀၄ သန်း၊ ၂၀၁၅-၁၆ ခုနှစ်တွင် ကျပ်သန်းပေါင်း ၁၃၂၃.၄၉၅ သန်း၊ ၂၀၁၆-၁၇ ခုနှစ်တွင် ၁၈၀၇.၄၁၆ သန်းနှင့် နှစ်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်လာသည်ကို တွေ့ရပါကြောင်း၊ သို့သော် မော်တော်ယာဉ်များ အဆင်ပြေစွာသွားလာ နိုင်ခြင်းမရှိသေးပါကြောင်း၊ အထူးသဖြင့် မိုင်တိုင် ၁၇ နှင့် ၃၆ မိုင်အကြားသည် အဆိုးဆုံးဖြစ်ပါကြောင်း၊ ပွင့်လင်းရာသီတွင်လည်း အထူးပြုပြင်ထားသော ဂျစ်ကားများ၊ မြေသယ်ယာဉ်များသာ သွားလာနိုင်ပါကြောင်း၊ ယင်းစီမံကိန်းသည် တိုင်းဒေသကြီးဘတ်ဂျက်မှဖြစ်သော်လည်း သက်ဆိုင် ရာ ပြည်ထောင်စု ဝန်ကြီးမှ အလေးထား သတိပြုမိစေလိုသည့်အတွက် မေးမြန်းရခြင်းဖြစ်ပါကြောင်း၊
မော်တော်ယာဉ်များ အဆင်ပြေစွာ သွားလာနိုင်ခြင်းမရှိသေးသည့်နေရာမှာ မိုင်တိုင်(ဝ)နှင့် မိုင်တိုင် (၁၇)မိုင်အထိ တောင်အတက်အဆင်းသိပ်မရှိပါကြောင်း၊ မိုင်တိုင် (၁၇) မှ (၃၆)ထိသာ တောင်ကုန်းတောင်တန်းများဖြစ်ပြီး ခက်ခဲပါသဖြင့် မိုင် ၂၀ ခန့်ကို အဓိကထား ဖောက်လုပ်နိုင်မည်ဆိုပါက ရာသီမရွေး သွားလာနိုင်မည်ဖြစ်ပါကြောင်း၊ တမူး-ဟုမ္မလင်းလမ်း မိုင် ၈၀ ကျော်သည် တမူး-အောင်ဇေယျလမ်း ၄၂ မိုင်ကျော်က ရာသီမရွေးသွားလာနိုင်သည့်အပြင် ကတ္တရာလမ်းအဖြစ်ခင်းရန် ၁၂ မိုင်သာ ကျန်ရှိပါကြောင်း၊ ကက်သာ-အောင်ဇေယျလမ်းပိုင်း ၃၈ မိုင် ၁ ဖာလုံကို ရာသီမရွေးသွားလာနိုင်အောင် ဆောင်ရွက် နိုင်မည်ဆိုပါက ဟုမ္မလင်း-ခန္တီး-လေးရှီး-လဟယ် စသည့် မြို့ကြီးများမှ လူဦးရေ လေးသိန်းကျော်ဟာ အချိန်တိုအတွင်း မြေပြန့်ကိုသွားလာနိုင်မည်ဖြစ်ပါကြောင်း၊
မုံရွာ-ရေဦး-သက္ကကျင်း-ဖောင်းပြင်-ဟုမ္မလင်း လမ်းပိုင်းသည် ၃၃၄ မိုင်ရှိပြီး မုံရွာ-ရွာကြီး-ကလေးဝ-တမူး-ဟုမ္မလင်းလမ်းပိုင်းသည် ၂၉၀ မိုင် ရှိသည့်အတွက် ခရီးသွားပြည်သူများသည် မိမိတို့ဘက်က ဆင်းလာမည်ဆိုပါက မိုင်အားဖြင့် ၄၄ မိုင် သက်သားပြီး သွားလာနိုင်မည်ဖြစ်ပါကြောင်း၊ ကလေးဝ-ကျီကုန်း-တမူးလမ်းမကြီးသည် ၂၀၀၀ ခုနှစ်ကတည်းက ၂၄ ပေအကျယ် နိုင်လွန်ကတ္တရာလမ်းမကြီး ဖြစ်ပါကြောင်း၊ ယခုအစိုးရလက်ထက်တွင် တမူး-ကျီကုန်း-ကလေးဝလမ်းပိုင်းတွင်ရှိသော တံတားများ ချဉ်းကပ်လမ်း တည်ဆောက်ရေး၊ အဆင့်မြှင့်တင်ရေးနှင့် ကလေးဝ-ယာကြီးလမ်းပိုင်းတည်ဆောက်ရေး၊ အဆင့်မြှင့်တင်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု၊ နားလည်မှုစာချွန်လွှာကို နိုင်ငံတော်သမ္မတကြီး၏ ၂၇-၈-၂၀၁၆ ရက်နေ့ အိန္ဒိယသမ္မတနိုင်ငံခရီးစဉ်အတွင်း သက်ဆိုင်ရာဝန်ကြီးဌာန တာဝန်ရှိသူများမှ လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်ပါကြောင်း၊ ထို့အတူ ၈၄၂ မီတာရှိသော ချင်းတွင်းမြစ်ကူးတံတား၊ ခန္တီး-ဆင်သေတံတားတို့ကိုလည်း တည်ဆောက်နေပါကြောင်း၊ သို့ဖြစ်ပါ၍ ထိုစီမံကိန်းအနေဖြင့် ရှိသည့်အတွက် ကက်သာ-အောင်ဇေယျလမ်းပိုင်း ၃၈ မိုင် ၁ ဖာလုံကို ရာသီမရွေး သွားလာနိုင်ရန် သက်ဆိုင်ရာဝန်ကြီးဌာနမှ မည်သို့စီမံဆောင်ရွက်ပေးမည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။