(ခ)-ချီဖွေမှဆော့လော်မြို့သို့ဆက်သွယ်ထားသော (၃၄)မိုင်လမ်းဟောင်းအား အမြန်ဆုံးဖွင့်လှစ်ပေး ရန် အစီအစဉ် ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

2021-01-03

ဦးလာမာလေး ( ဆော့‌လော် မဲဆန္ဒနယ်)ဆော့လော်မြို့နယ်သည် ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်တွင် ပါဝင်ပြီး ချီဖွေမြို့နယ်၊ အင်ဂျန်းယန်မြို့နယ်၊ ခေါင်လန်ဖူးမြို့နယ်၊ တရုတ်ပြည်သူ့နှင်‌့ နယ်နိမိတ်ထိစပ်လျက်ရှိပါကြောင်း၊ ယခင်က ချီဖွေမြို့နယ်မှတစ်ဆင့် ယခင်လမ်းဟောင်း ၃၄ မိုင်လမ်း ဖောက် လုပ်ရန်ဖြင့် ဆော့လော်ပြည်သူများ အဆင်ပြေချေမွေ့စွာ ဆက်သွယ်သွားလာခဲ့ကြပါကြောင်း၊ ၂၀၁၂ ခုနှစ်နောက်ပိုင်း နိုင်ငံရေး အခြေအနေလုံခြုံရေးအရ ပြည်သူများ သွားလာ၍မရတော့ဘဲ တောင်သုံးလုံးလမ်းဖြင့် ချီဖွေမှဆော့လော်မြို့ထိ ခရီးမိုင် ၇၅ မိုင်ခန့် တောင်တက်တောင်ဆင်း လမ်းကြမ်းခရီးများဖြင့် ခက်ခက်ခဲခဲ သွားလာနေကြရပါကြောင်း၊

ချီဖွေမှဆော့လော်မြို့သို့ ယခုတောင်သုံးလုံးလမ်း စုစည်းလမ်းဖြင့် သွားပါက ဆန်တစ်အိတ်သယ်ခ တစ်သောင်းကျပ်ကျော်၊ ဘိလပ်မြေတစ်အိမ်သယ်ခ တစ်သောင်းကျပ်၊ ဒီဇယ်တစ်ပေပါ သယ်ခ ခြောက်သောင်းကျပ်အထိ ‌ကားခများ ပေးဆောင်နေကြရပါကြောင်း၊ မိမိအနေဖြင့်လည်း မိမိမဲဆန္ဒနယ်သို့ သွားရောက်လာတွင် မြစ်ကြီးနားမှ ချီဖွေမြို့သို့သွားရန် လိုင်းကားများရှိပြီး လူတစ်ဦးအတွက် နှစ်သောင်းကျပ်အထိသာ ခရီးစရိတ်ပေးဆောင်ရပါကြောင်း၊ ထိုမှတစ်ဆင့် ချီဖွေမှ ဆော့လော်မြို့သို့ ယခုတောင်သုံးလုံးလမ်း စုစည်းလမ်းဖြင့်သွားပါက လိုင်းကားများလည်း မရှိပါကြောင်း၊ ခရီးကြမ်းတမ်းပြီး ခရီးမိုင်ရှည်လျားသည့်အတွက် ဆိုင်ကယ်ကယ်ရီခမှာ ကျပ်တစ်သိန်းငါးသောင်းကျပ်၊ ကားအော်ဒါငှားမည်ဆိုပါက ခုနစ်သိန်းမှ ရှစ်သိန်းကျသည်ထိ ပေးစီးနေရပါကြောင်း၊ သို့ဖြစ်ပါ၍  ဆော့လော်မြို့နယ် ပြည်သူလူထုများမှာ စာနပ်ရိက္ခာများ၊ လူသုံးကုန်ပစ္စည်းများ၊ အိမ်ဆောက်ပစ္စည်းများ၊ ခရီးသွားလာစရိတ်များကို ယခင်လမ်းဟောင်း ၃၄ မိုင်လမ်းခရီးသွားလာ ပို့ဆောင်စရိတ်ထက် နှစ်ဆကျော် ပေးဆောင်နေရ၍ ပြည်သူများ စားနပ်ရိက္ခာသယ်ဆောင်ရန်နှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ  ဆောင်ရွက်ရန် အခက်အခဲများစွာ ရင်ဆိုင်ကြုံတွေ့နေရပါကြောင်း။

 ဆော့လော်မြို့နယ်သည် ယခု နှစ်တွင်မိုးများပြီး တောင်ယာမီးမချို့ရခြင်း၊ တောင်ယာစာပါးခင်း အနည်းငယ်မှာလည်း မိုးကျခြင်း၊ ကြွက်စားခြင်းတို့ကြောင့် စားစရာ ဆန်မရှိဘဲ အခက်အခဲများစွာ ကြုံတွေ့နေရပါကြောင်း၊ စားစရာမရှိ၍ မြစ်ကြီးနား-ချီဖွေမြို့နယ်တို့မှ တစ်ဆင့် ဆန်ဝယ်စားမည်ဆိုပါက လမ်းမကြီး သယ်ယူစရိတ်များသည်‌့အတွက် ဆော့လော်မြို့ပေါ်အရောက် ဆန်တစ်အိတ်ဈေးနှုန်းသည် ငါးသောင်းကျော်ကျပ်အထိ ရှိလာသည့်အတွက် အချို့သော ဆင်းရဲသားပြည်သူလူထုများမှာ အခက်အခဲများဖြင့် ရင်ဆိုင်ကြုံတွေ့နေရပါကြောင်း၊ ထို့အပြင် ဆော့လော်မြို့နယ်မှ မြို့နယ်အဖြစ် သတ်မှတ်ခံခဲ့ရသည်မှာ နှစ်ပေါင်း ၄၅ နှစ်ခန့် ကြာပြီဖြစ်သော်လည်း လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် ဖွံ့ဖြိုးတိုးတက်မှု လုံးဝမရှိဘဲ အခြားမြို့နယ်များနှင့် နှိုင်းယှဉ်လျှင် ဖွံ့ဖြိုးတိုးတက်မှု အလွန်နောက်ကျနေသည်ကို တွေ့မြင်ရပါကြောင်း၊ မြို့နယ်တစ်ခုသာဆိုသော်လည်း ကတ္တရာလမ်းကို လုံးဝမတွေ့ရပါကြောင်း၊ သို့ဖြစ်ပါ၍ သက်ဆိုင်ရာအစိုးရအဖွဲ့အနေဖြင့် ယခင်လမ်းဟောင်း ၃၄ မိုင်လမ်းအား ပိတ်ထားသော KIA လက်နက်ကိုင်အဖွဲ့နှင့် ညှိနှိုင်းတိုင်ပင် နှစ်ဖက်နားလည်မှုရယူကာ ၃၄ မိုင်လမ်းအား အမြန်ဆုံး ဖွင့်လှစ်ပေးနိုင်ခြင်းရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။