(က)-ဒဂုံမြို့သစ်(မြောက်ပိုင်း)ရှိ မြေကွက်များအား အစိုးရသစ်လက်ထက်တွင် မြေချပါမစ်အသစ်၊ မြေ ဂရန်အသစ်၊အထူးမြေချဂရန်များကိုချထားပေးခြင်း ရှိ၊မရှိနှင့် အများပိုင် မြေအဖြစ် သတ်မှတ် ထားသောမြေကွက်များကို ဂရန်ချထားပေးခြင်း ရှိ၊ မရှိ တို့နှင့် စပ်လျဉ်းသည့် မေးခွန်း
ဒဂုံမြို့သစ် (မြောက်ပိုင်း) တွင် မြေများသည် အရမ်းတန်ဖိုးရှိပါကြောင်း၊ မြေကွက်များကို အစိုးရသစ်လက်ထက်တွင် ခြံကာခြင်း၊ အဆောက်အဦ ဆောက်လုပ်ခြင်းများရှိလာသဖြင့် ထိုသူတို့ကို မေးကြည့်ရာ ၎င်းတို့က ဂရန်ရှိသည်၊ ပါမစ်ရှိသည် ဟု ပြောပါကြောင်း၊ပါမစ်ရှိသည်ဟု ပြောသည့်အတွက် နောက်ဆုံး (၄၅) ရပ်ကွက်၌ အဖြစ်အပျက်တစ်ခုဖြစ်ပါကြောင်း၊ ရေစက်ကွက်ကြီးကို ဗိုလ်မှူးကြီး တစ်ယောက်၏နာမည်ဖြင့် မြေကွက်ကျသည်ဟူ၍ ခြံကာလာရာ ခြံလာကာသောသူသည် ဒဂုံမြို့သစ် (မြောက်ပိုင်း)က အိမ်၊ယာ၊ မြေအကျိုးဆောင်လုပ်ငန်း မြေကွက် ရောင်း/ဝယ် လုပ်သူဖြစ်ရာ ရပ်ကွက် လူထုနှင့် ပဋိပက္ခဖြစ်ပါကြောင်း၊
သို့ဖြစ်ပါ၍ ယခု အစိုးရသစ်လက်ထက် ဧပြီလ ၁ ရက်နေ့ကစပြီး မြေကွက်အသစ်များကို ဂရန် ချထားပေးမှု ရှိ/မရှိ၊ အကယ်၍ ချပေးပါက မြေကွက်မည်မျှချပေးသည်ကို သိရှိလို ပါကြောင်း၊ မြေကွက်ချပေးရာတွင် မည်သည့်မူနှင့် ချပေးခဲ့သည်ကို သိရှိလိုပါကြောင်း၊ အများပိုင်အဖြစ် သတ်မှတ်ထားသော ရေစက်ကွက်၊ မီးတားကွက်၊ ကစားကွင်း၊ ပန်းခြံတို့ကို လူတစ်ဦးချင်း ပုဂ္ဂိုလ် အမည်နှင့် မြေကွက်များချပေးခဲ့မှုရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။