(က)-ဒေါပုံမြို့နယ်ရှိသင်္ဘောကျင်းလမ်းဆုံလမ်းမ ကျယ်ကြီးတွင်အများပြည်သူများဘးကင်းလုံခြုံ စွာ ဖြတ်သန်းနိုင်ရေးအတွက် သင့်လျော်သည့် အစီအမံများ စီစဉ်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

2021-01-03

ဦးဌေးဝင်းအောင်( ဒေါပုံမဲဆန္ဒနယ်)ဒေါပုံမြို့နယ်ရှိ သင်္ဘောကျင်းလမ်းဆုံ လမ်းမကျယ်ကြီးတွင် မော်တော်ယာဉ်ကြီးများ၊ ခရီးသည်တင် ယာဉ်လိုင်းမျိုးစုံများ နှင့် အခြားယာဉ်အမျိုးမျိုးတို့ နေ့စဉ်နှင့်အမျှ အရှိန်ပြင်းစွာဖြင့် သွားလာနေကြသည်ကို တွေ့ရမည် ဖြစ်ပါကြောင်း၊ ၎င်းနေရာတွင် မိမိတို့မြို့နယ်၏ ဌာနပေါင်းစုံ၊ရုံးအသီးသီး စုဝေးသောနေရာလည်း ဖြစ်သည့်အပြင် ခရီးသွားပြည်သူ အများအပြားက တစ်ဖက်လမ်းကို မော်တော်ယာဉ်လိုင်းကြောင်းတို့ ပြောင်းစီးပြီး လိုချင်သည့် နေရာဒေသ အသီးသီးကို သွားလာနိုင်ရန်အတွက် အဓိက ဖြတ်သန်း သွားလာနေရခြင်း ဖြစ်ပါကြောင်း၊တစ်ဖက်ကား လမ်းမကို ဖြတ်ကူးနိုင်ရန်အတွက် လမ်းမကျယ်ကြီးတွင် အရှိန်ပြင်းပြင်းနှင့် မောင်းနေသည့် ကားတွေကြားထဲ လမ်းအလယ်တွင်ချထားသည့် ကွန်ကရစ်တုံးများ၏ ကြားထဲမှ ဖြတ်သန်း သွားလာနေရ သည် ကို တွေ့ရမည် ဖြစ်ပါကြောင်း၊၎င်းလမ်းမကြီးတွင် လူကူးမျဉ်းကြားတို့ မရှိသည့်အပြင် အချက်ပြမီးပွိုင့်လည်း မရှိသောကြောင့် ယာဉ်တိုက်မှုများ မကြာခဏဖြစ်ပြီး အသက်ဆုံးရှုံးမှုတို့ ဖြစ်ရပါကြောင်း၊ထို့ကြောင့် ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံမြို့နယ် သင်္ဘောကျင်း လမ်းဆုံ လမ်းမကြီးတွင် အများပြည်သူ ဘေးကင်းလုံခြုံစိတ်ချစွာ ဖြတ်သန်းသွားလာနိုင်ရေးအတွက် မည်ကဲ့သို့ အစီအမံများ ဆောင်ရွက်ပေးမည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။