(က)- ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၅၃တွင်ပြဋ္ဌာန်းချက်ပါလျက် နိုင်ငံခြားရေးဝန်ကြီး ဌာနမှ အပျို၊လူပျိုဖြစ်ကြောင်းကျမ်းကျိန်လွှာ(နိုတြီ) အပေါ် ထောက်ခံချက်ပေးရန် ငြင်းဆန်နေခြင်းကို ဖျက်သိမ်းပေးရန် အစီအစဉ်ရှိ၊ မရှိ နှင့် စပ်လျဉ်း သည့်မေးခွန်း
မြန်မာနိုင်ငံသားများသည် ယခုအချိန်တွင် နိုင်ငံခြားကို သွားရောက်အလုပ်လုပ်ကိုင်နေကြသူများသည် လူသုံးသန်းကျော်၊ လေးသန်းခန့် ရှိပါကြောင်း၊ လူသဘာဝအရ ရောက်သွားလုပ်ကိုင်သည့် အရပ်ဒေသများ တွင် လက်ထပ်ထိန်းမြားသည့် ကိစ္စများ ရှိလာပါကြောင်း၊ လက်ထပ်ထိန်းမြားရန်အတွက် သက်ဆိုင်ရာတရားရုံးများ၊ နိုင်ငံခြား သက်ဆိုင်ရာတရားရုံးများရှိ လက်ထပ်မှတ်ပုံတင်ရုံးများတွင် သွား၍ လက်ထပ်ကြရပါကြောင်း၊ထိုအခါ တရားရုံးများမှ လက်ထပ်မည့် မည်သည့်နိုင်ငံသားကိုမဆို အိမ်ထောင်မရှိ အပျို၊ လူပျိုဖြစ်ကြောင်း ကျမ်းကျိန်လွှာတစ်စောင် လိုအပ်ပါကြောင်း၊ ထိုကျမ်းကျိန်းလွှာကို လက်ထပ်ချင်သည့် အပျို၊ လူပျိုများသည် မြန်မာပြည်ကိုပြန်လာပြီး တရားရုံး သို့မဟုတ် နိုတြီပဗ္ဗလစ် ရှေ့၌ ကျမ်းကျိန်ရပါကြောင်း၊ တရားသူကြီးကလည်း လာရောက်ကျမ်းကျိန်သူများသည် မှတ်ပုံတင်နှင့် တိုက်ဆိုင်ပြီး မှန်ကန်ကြောင်း တံဆိပ်တုံးထုပေးလိုက်ပါကြောင်း၊ ထိုအခါ နိုင်ငံခြားရေးဝန်ကြီးဌာနက အန်ဒါဒီကေးရှင်းခေါ် မြန်မာနိုင်ငံက တံဆိပ်တုံးဖြစ်ကြောင်းကို အတည်ပြုပေးရပါကြောင်း၊ ယခုအခါ့ နိုင်ငံခြားရေးဝန်ကြီးဌာနက ၎င်းကို ငြင်းပါသဖြင့် မြန်မာအမျိုးသမီးများသည် နိုင်ငံခြားတွင် အကြောင်းတိုက်ဆိုင်၍ လက်ထပ်ကြမည်ဆိုပါက ထိုစာရွက် မရသဖြင့် တရားဝင်လက်ထပ်၍ မရသကဲ့သို့ တရားဝင်အမွေဆက်ခံခွင့်၊ မွေးလာသည့်ကလေးများက ဥပဒေအရ အခွင့်အရေးမရှိပါကြောင်း။
၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် နိုင်ငံသားများ၏ အခွင့်အရေးနှင့်၊ တာဝန်နှင့် လုပ်ပိုင်ခွင့် အခန်း၌ ပုဒ် ၃၅၃ တွင် မည်သူကိုမျှ တည်ဆဲဥပဒေနှင့်အညီမှတစ်ပါး အသက်ကို ဖြစ်စေ၊ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုကိုဖြစ်စေ နစ်နာဆုံးရှုံးမှုမရှိစေရ၊ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း၏ အပိုဒ် ၁၆ တွင် အရွယ်ရောက်ပြီးသား ယောက်ျား၊ မိန်းမတိုင်း မိမိ ဆန္ဒဖြင့် လက်ထပ်ခွင့်၊ အိမ်ရာထူထောင်ခွင့်ရှိသည်ဟု ပါရှိပါကြောင်း၊ ပဋိညာဉ်ဥပဒေ ပုဒ်မ ၂၆ တွင်လည်း လက်ထပ်ရန် ငြင်းသည့်၊ ဆန်ကျင်သည်ကို ပဋိညာဉ်သ်ည Vice Agreement ပျက်ပြယ်သည့် စာချုပ်ဖြစ်ပါကြောင်း၊ ယခုအခါတွင် နိုင်ငံခြားရေးဝန်ကြီးဌာနက မထုတ်ပေးသည့်အတွက် မြန်မာနိုင်ငံသားများက အလွန် နစ်နာပါကြောင်း၊ ထို့ကြောင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အပျို၊ လူပျိုဖြစ်ကြောင်း ကျမ်းကျိန်လွှာပေါ်တွင် အန်တက် ဒီကေးရှင်း ထောက်ခံ ချက်ပေးခြင်းအပေါ်ကို ငြင်းဆန်နေခြင်းကို ဖျက်သိမ်းပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်းပါသည်။