(ဂ)-ကျောက်ဖြူမြို့၏ မြစ်ကမ်းပါး မြေထိန်းနံံများ တွင် ဖြစ်ပေါ်နေသည့် ကိစ္စရပ်များနှင့် စပ်လျဉ်း သည့် မေးခွန်း
ကျောက်ဖြူမြို့ မြစ်ကမ်းခြေကို မြေထိန်းနံရံများဖြင့်ကာရံထားသော်လည်း မြစ်ထိန်းနံရံကို ကျော်လွန်ပြီးမြစ်ထဲတွင်
အဆောက်အဦများ ဆောက်လုပ်နေကြပါကြောင်း၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများ အနေဖြင့် ထိုသို့ ဆောက်လုပ်ခွင့်ပေးခြင်းသည် ဥပဒေနှင့်အညီ လုပ်ပိုင်ခွင့်ရှိခြင်းကြောင့် ခွင့်ပြုနေခြင်းဟုတ်/ မဟုတ်ကို လည်းကောင်း၊ လုပ်ပိုင်ခွင့်ရှိသည်ဆိုပါကလည်း စနစ်တကျဖြစ်စေရန်အတွက်ကို ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ ယခုကဲ့သို့ စည်းကမ်းမဲ့လုပ်ကိုင် ဆောင်ရွက်နေခြင်းများသည် အန္တရာယ်များပါကြောင်း၊ ထို့ကြောင့် (၁)ကျောက်ဖြူမြို့၏ မြစ်ကမ်းပါး မြေထိန်းနံရံများကို မည်သည့် ဌာနက ထိန်းသိမ်းစောင့်ရှောက်သည်ကို လည်းကောင်း၊ (၂) ကျောက်ဖြူမြို့၏ မြစ်ကမ်းပါး မြေထိန်းနံရံ အပြင်ဘက် မြစ်ကမ်းခြေကို မည်သည့်ဌာနမှ စီမံခန့်ခွဲပိုင်ခွင့်ရှိသည်ကိုလည်းကောင်း၊ (၃) ကျောက်ဖြူမြို့ ၏ မြစ်ကမ်းပါး မြေထိန်းနံရံအပြင်ဖက် မြစ်ကမ်းခြေများကို တစ်စုံတစ်ဦးအား အသုံးပြုရန် မည်သူက မည်သည့်ဥပဒေ၊ နည်းလမ်းများဖြင့် ခွင့်ပြုနိုင်သည်ကိုလည်းကောင်း၊ (၄) ယခုအခါ ကျောက်ဖြူမြို့ မြစ်ကမ်းပါး မြေထိန်းနံရံ၏ အပြင်ဖက်မြစ်ကမ်းခြေ၌ မြေနေရာများကို ပုဂ္ဂလိကများက အသုံးပြုနေကြ သဖြင့် မြစ်ကမ်းသို့ ဆင်းသည့်လမ်းပေါက်များ ပိတ်နေသည်ကို သိရှိခြင်းရှိ/မရှိနှင့် ပိတ်နေသည့် လမ်းများကို ဖွင့်ပေးနိုင်ခြင်းရှိ/မရှိကို လည်းကောင်း၊ (၅) မြို့၏ သန်ပန်ချောင်းရပ်ကွက်၊ မြစ်နားတန်း ရပ်ကွက်နှင့် ပိုက်ဆိပ်ရပ်ကွက်များရှိ ကမ်းခြေမြေထိန်းနံရံအပြင်ဖက် မြစ်ကမ်းခြေတွင် အဆောက်အဦ များစွာ ဆောက်လုပ်ထားကြသည်ကိုလည်းကောင်း၊ (၆)ကျောက်ဖြူမြို့ မြစ်ကမ်းခြေတွင် ဆောက်လုပ်ထားသည့် အဆောက်အဦများသည် သက်ဆိုင်ရာဥပဒေနှင့်အညီ တရားဝင်ခွင့်ပြုချက်များဖြင့် ဆောက်လုပ်ထားကြခြင်း ဟုတ်/မဟုတ်ဆိုသည်ကိုလည်းကောင်း၊ (၇) ဥပဒေနှင့်အညီ မဟုတ်သော် လည်း တာဝန်ရှိသူက ခွင့်ပြုသဖြင့် ဆောက်လုပ်ခြင်းဟုဆိုပါက လက်ရှိအသုံးပြုနေသူများကို တာဝန်ရှိသူတို့က မည်သို့ကူညီမည်ကိုလည်းကောင်း၊ (၈) ကျောက်ဖြူမြို့ မြစ်ကမ်းပါးမြေထိန်းနံရံ ကြံ့ခိုင်ရေးနှင့် မြစ်ကမ်းခြေသာယာလှပရေး၊ ကမ်းခြေတစ်လျှောက် ဝင်/ထွက်သွားလာကြသည့် ရေယာဉ်နှင့် ခရီးသည်များ လုံခြုံရေးအတွက် မည်သူတို့က မည်ကဲ့သို့ ကူညီကြမည်ကိုလည်းကောင်း သိရှိလိုပါကြောင်း မေးမြန်းပါသည်။