(ခ)-ယခုအစိုးရသစ်လက်ထက်တွင် နိုင်ငံရေးပြစ် မှု၊ နိုင်ငံရေးအကျဉ်းသားစသည့် ဝေါဟာရများအ တွက် စကားရပ်အဓိပ္ပာယ် ဖွင့်ဆိုသတ်မှတ်ပေးရန် အစီစဉ်ရှိ/မရှိနှင့် စပ်လျဉ်းသည့် မေးခွန်း
နိုင်ငံရေးယုံကြည်ချက်ကြောင့် ဖမ်းဆီးခံရခြင်းကို နိုင်ငံရေးပြစ်မှု၊ နိုင်ငံရေးအကျဉ်းသားဟု ယေဘုယျပြောဆို သုံးနှုန်းကြသော်လည်း ခေတ် အဆက်ဆက် အစိုးရအနေဖြင့် မည်သည့်ပြစ်မှု အမျိုးအစားသည် နိုင်ငံရေးပြစ် မှုဖြစ်သည်ဟု ခွဲခြားအဓိပ္ပါယ် သတ်မှတ်ခြင်းမရှိခဲ့ကြောင်း၊ နိုင်ငံရေး သမားများအား ပုဒ်မအမျိုးမျိုးတက်၍ လူသားတို့၏ ကျင့်ဝတ်ဥပဒေများကို ဖောက်ဖျက်သူများကဲ့သို့ ရာဇဝတ်အကျဉ်းသားများအဖြစ် သတ်မှတ်၍ ဖမ်းဆီးအပြစ်ပေးထောင်ချခြင်းများကိုလည်း တွေ့ရှိရသည့်အပြင် ခွဲခြားဆက်ဆံခြင်း စိစစ်မှုပြုလုပ်ခြင်း မရှိဘဲနှစ်ရှည်လများ ထိန်းသိမ်းခြင်း၊ အခွင့်အရေးများကို ကန့်သတ်ခြင်းတို့ကြောင့် သာမန်ရာဇဝတ် အကျဉ်းသားများထက်ပင် ပိုမိုဆိုးရွားသော အခြေအနေများကို ကြုံတွေ့ရပါကြောင်း၊ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရန် တောင်းဆိုမှုများ ရှိသော်လည်း ယခင် အစိုးရများက နိုင်ငံရေးအကျဉ်းသားများမရှိဟု အစဉ်တစိုက် ငြင်းဆိုလျက် ရှိနေပါကြောင်း၊ ယခုကဲ့သို့ ဒီမိုကရေစီ လူ့ဘောင်သစ်ကို တည်ဆောက်နေချိန်တွင် အစိုးရ၏ဆောင်ရွက်ချက်များအပေါ် မတူကွဲပြားသော အမြင်ဖြင့် ပြုမူဆောင်ရွက်နေသူများအား ရာဇဝတ်မှုကျူးလွန် သူများအဖြစ် သတ်မှတ်၍ အပြစ်ပေးအရေးယူနေခြင်းသည် မလိုလားအပ်သော အခြေအနေများဖြစ်ပြီး နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးခြင်းသည်လည်း အမျိုးသားရင်ကြားစေ့ရေး လုပ်ငန်းစဉ်၏ အစိတ်အပိုင်း တစ်ရပ်ဖြစ်ပါကြောင်း၊ နိုင်ငံရေးယုံကြည်ချက်ဖြင့် လုပ်ဆောင်နေသူများ၊ မတူကွဲပြားသည့် အမြင်ရှိသူများ၊ ကျောင်းသားလူငယ် ကအစ နိုင်ငံ့ထိပ်ပိတ်ခေါင်းဆောင်များအပါအဝင် ရာဇဝတ်ပြစ်မှု၊ ရာဇဝတ်အကျဉ်းသားများဟု သတ်မှတ်အရေးယူခြင်းသည် တိုင်းပြည်အတွက် အလွန်နစ်နာစရာဖြစ်သည့်အတွက် ဒီမိုကရေစီ အစိုးရသစ်လက်ထက်တွင် ပြုပြင်ပြောင်းလဲ တားဆီးပေးနိုင်ရန်အတွက် ယခုအစိုးရသစ် လက်ထက်တွင် နိုင်ငံရေးပြစ်မှု၊ နိုင်ငံရေးအကျဉ်းသားစသည့် ဝေါဟာရများအတွက် စကားရပ်အဓိပ္ပါယ် ဖွင့်ဆို သတ်မှတ်ပေးရန် အစီအစဉ်ရှိ/ မရှိ သိရှိလိုပါကြောင်းမေးမြန်းပါသည်။