(စ)-Multi-Level Marketing (MLM) (ဆင့်ပွား ကွန်ရက်ချိတ် ဈေးရောင်းလုပ်ငန်း) ကို တားမြစ် ကန့်သတ်ပိတ်ပင်အရေးယူဆောင်ရွက်ရန်အစီ အစဉ် ရှိ၊မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

2021-01-03

ဦးအောင်ကျော်ကျော်ဦး (လှိုင်)မြန်မာနိုင်ငံတွင် Multi-Level Marketing (MLM) ဟုခေါ်သော ဆင့်ပွားကွန်ရက်ချိန် ဈေးရောင်းလုပ်ငန်းစနစ်ဖြင့် မက်လုံးပေးစည်းရုံးကာ ကြီးစွာအကျိုးအမြတ်ရရှိနေသော ကုမ္ပဏီပေါင်း ၁၀၀ ကျော်ရှိနေပါကြောင်း၊ အဆိုပါလုပ်ငန်းသည် တရုတ်နိုင်ငံတွင် လုံးဝ ပိတ်ပင်ထားပြီး အမေရိကန်၊ စင်ကာပူအပါအဝင် နိုင်ငံတကာတွင် အထူးတားမြစ်ကန့်သတ် ကြပ်မတ်သော လုပ်ငန်း တစ်ချို့ သည် မြန်မာနိုင်ငံ၏ တည်ဆဲ ဥပဒေတချို့အရ တရားဝင် ဖြစ်စေရန်ပြင်ဆင်ထားပြီး တည်ဆဲဥပဒေတချို့၏ အားနည်းချက်ကို အသုံးချကာ မသိနားမလည်သူအများစု၏ အချိန်၊ ငွေ၊ လုပ်အား ကို ခေါင်း ပုံ ဖြတ်နေပါကြောင်း၊

ထို့ပြင် MLM လုပ်ငန်းအချို့ ထပ်မံဝင်ရောက်လာမှုများရှိပြီး မသိနားမလည် သူများပြားသော နယ်မြို့များထိ ပိုမိုထိုးဖောက်ဝင်ရောက်လာသည်ကို စိုးရိမ်ဖွယ်ရာတွေ့ရှိရပါကြောင်း၊ MLM လုပ်ငန်းရှင်အများစု သည် ပြည်ပလုပ်ငန်းရှင်များဖြစ်ကြပါကြောင်း၊ထို့ကြောင့်  MLM ကြောင့် အလိမ်ခံရပါက ပြည်တွင်းလည်ပတ်ငွေများ ပြည်ပသို့ စီးထွက်ခြင်း၊ Member ဝင်များ၏ ပိုက်ဆံကို ဒေါ်လာအဖြစ် လဲလှယ်သည့် အတွက် မြန်မာကျပ်ငွေ တန်ဖိုးကျဆင်းမှုပေါ် သက်ရောက်ခြင်းများ အပြင် ငွေကြေးဖောင်းပွမှုလည်း ဖြစ်စေပါကြောင်း၊  MLM ဟာ သာမန်စီးပွားရေးလုပ်ငန်းကဲ့သို့ အရောင်းကိုယ်စားလှယ်တစ်ဦးက ထုတ်ကုန်ကို စားသုံးသူလက်ထဲသို့ ရောင်းချခြင်းအားဖြင့် ဝင်ငွေရရှိခြင်း မဟုတ်ဘဲ တခြားရောင်းချသူများကိုပါ မိမိအောက်တွင် အလုပ်လုပ်ချင်လာအောင် ဆွဲဆောင်စည်းရုံးနိုင်သည့်အပြင် အဆိုပါအရောင်းကိုယ်စားလှယ်မှ စားသုံးသူသို့ ထပ်မံ ရောင်းချခြင်း အပေါ်တွင်လည်း အကျိုးခံစားခွင့်ရှိမည်ဖြစ်ပါကြောင်း၊ထို့သို့ ဆင့်ပွား အကျိုး ခံစားခွင့်များကို အနည်းဆုံး ၈ ဆင့်မှ  ၁၆ ဆင့်အထိ ပေးသည့် အတွက် နောက်ဆုံး စားသုံးသူ လက်ဝယ်ရောက်ရှိချိန်တွင် ဈေးကနှစ်ဆ၊ သုံးဆခန့်ကြီးမြင့်ပြီဖြစ်ပါကြောင်း၊ ထို့ကြောင့် စားသုံးသူကို ရောင်းရန်ခက်ခဲကာ မိမိသာသာပြန်လည် ဝယ်ရန်ဆွဲဆောင်ပြီး ပစ္စည်း ဝယ်အားကို အပေါ်ပိုင်းကိုယ်စားလှယ်များက အများဆုံးရယူနေကြခြင်းဖြစ်ပါကြောင်း၊ အချိန်ကြာလာတာနှင့် အမျှ အောက်ခြေကိုယ်စားလှယ်များသည် အရှုံးပြလာပြီး လုပ်ငန်းကို ရပ်ဆိုင်းရကာ အချိန်၊ ငွေကြေး၊ သိက္ခာနှင့် လူမှုရေး အရ ပေါင်းများစွာဆုံးရှုံးနေရပါကြောင်း၊

Multi-Level Marketing (MLM)(ဆင့်ပွားကွန်ရက်ချိတ်ဈေးရောင်းလုပ်ငန်း)ကို တားမြစ်ကန့်သတ် ပိတ်ပင်အရေးယူဆောင်ရွက်ရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းပါသည်။