(င)-သာစည်မြို့နယ်၊ ကန်စွယ် ကျေးရွာမှ နေထိုင် စရာအခက်အခဲများဖြင့်ကြုံတွေ့နေရသောမိသားစု များ၏အခက်အခဲကို ဖြေရှင်းသောအားဖြင့်မူလက သိမ်းဆည်းခဲ့သောလစ်လပ်နေသည့် မြေကွက်များ အား ပြန်လည် နေရာချထားပေးရန် အစီအစဉ် ရှိ၊ မရှိ နှင့် စပ်လျဉ်းသည့် မေးခွန်း

2021-01-03

ဦးသန်းစိုး (သာစည်)သာစည်မြို့နယ်၊ ကပ်ကျေးကျေးရွာအုပ်စု၊ ကန်စွယ်ကျေးရွာသည် သာစည်မြို့၏ အနောက်မြောက် ဘက်တွင်ရှိသော ဆင်ခြေကုန်းကျေးရွာဖြစ်ပါကြောင်း၊ မူလကျေးရွာပိုင်မြေဧက ၉၄၀ ရှိ သော်လည်း ၁၉၇၀ ခုနှစ်တွင် ဆိုင်လိုဂိုဒေါင်တည်ဆောက်ရန် ၇၅ ဧက၊ သာစည်မြို့နယ် မြေတိုးချဲ့ရန် အတွက် ၁၉၈၀ ခုနှစ်တွင် ဧက ၃၀၀၊ ၁၉၉၅ ခုနှစ်တွင် (ခ.လ.ရ) ၄၁၉/၄၂၀ တပ်မြေသိမ်း ၂၄၀ ဧက၊ သာစည် - မြင်းခြံမီးရထားလမ်းဖောက်လုပ်ရန် ၂၅ ဧက၊ သာစည်-သပြေဝ မော်တော်ကားလမ်း အတွက် ၁၅ ဧက တို့ကို သိမ်းဆည်းခံခဲ့ရပါကြောင်း၊ ယခုအခါ ကန်စွယ်ကျေးရွာတွင် ၁၂၅ ဧက ကျန်သည့်အနက် ဧက ၅၀ သည် မင်းလှကန်ရေလွှမ်းဧရိယာ ဖြစ်နေပါကြောင်း၊  မြို့မြေတိုးချဲ့ရန် ၁၉၉၅ ခုနှစ်တွင် သိမ်း ဆည်းခဲ့သော ကွင်းအမှတ် ၁၈၃၀၊ ၁၈၀၈ တို့ရှိ ဧက ၁၅၀ အနက် ဧက ၃၀  သည် လစ်လပ်လျက် ရှိပြီး ၎င်း ဧက ၃၀ သည် သာစည်-သပြေဝကားလမ်းဘေးတွင် တည်ရှိပါကြောင်း၊ ယခု ဆောက်လုပ် ပြီးစီးသော ဝန်ထမ်းအိမ်ယာအနီးတွင် ရှိပါကြောင်း၊သို့ဖြစ်ပါ၍ လစ်လပ်လျက်ရှိသော ဧက ၃၀ ကို သာစည်မြို့နယ်၊ ကပ်ကျေးကျေးရွာအုပ်စု၊ ကန်စွယ်ကျေးရွာရှိ နေထိုင်ရန် အခက်အခဲများရှိသော မိသားစုများတို့ အား မြေကွက် များ ပြန်လည်နေရာ ချထားပေးရန် အစီအစဉ်ရှိ/မရှိ ကို သိလို ပါကြောင်း မေးမြန်းပါသည်။