(ဃ)-နိုင်ငံအတွင်း ပြည်သူများဘေးကင်းလုံခြုံရေး အတွက်မှုခင်းကြိုတင်ကာကွယ်ရေးမည်သို့စီမံထား သည်ကို သိလိုခြင်း နှင့် စပ်လျဉ်းသည့် မေးခွန်း

2021-01-03

ဦးအောင်စိန် (ထားဝယ်)သတင်းစာများ၊ဂျာနယ်များများတွင် မပါမဖြစ် ပါဝင်သော သတင်းမှာ ဓားနှင့် ဓားကဲ့သို့သော ချွန်ထက်ထက်မြက်သည့် လက်နက်မျိုးစုံကို အသုံးပြုပြီး နည်းမျိုးစုံဖြင်‌့ လုယက်မှု၊လူကိုနာကျင်စေမှု၊လူသတ်မှု စသည့် ပြစ်မှု သတင်းများဖြစ်ပါကြောင်း၊လက်နက်ဖြင့် ကျူးလွန်သူကို ဖမ်ဆီးရမိခြင်းမရှိသကဲ့သို့ ရာဇဝတ်ဘေး ပြေးလျှင်လွတ်သည်ဟူ၍ ထွက်ပြေး တိမ်းရှောင်တရားခံများ ရှိပါကြောင်း၊သက်ဆိုင်ရာမှ ဖမ်းဆီးရေးအတွက် စုံစမ်းဆဲအမှုများလည်းရှိသည်ဟု သတင်းများအရ သိရပါကြောင်း၊ တချို့ သတင်းများတွင် နေအိမ်တွင်းမှ နေစဉ်ပင် ဓားနှင့်ဝင် ရောက်ထိုး၍ အသက်ဆုံးရှုံးရသည့် သတင်းမျာလည်း ရှိပါကြောင်း။

ရှေးယခင်က ဓားကဲ့သို့သော လက်နက်မျိုး ဆွဲကိုင်ကာရမ်းကားသည့်လူကို လူဆိုးလူမိုက်ဟု  အသိအမှတ်ပြုကြပါကြောင်း၊ ယခုအချိန်တွင် မိမိကိုယ်ကို ကာကွယ်ရန်အတွက်ဆိုသည်ထက် တစ်ပါးသူကို ထိုးနှက်ရန်ရည်ရွယ်ချက်ဖြင့် ကြိုတင်ကိုင်ဆောင်ထားပြီး လွယ်လင့်တကူ ကျူးလွန်နေကြသဖြင့် ပြည်သူများက စိုးရိမ်မကင်းဖြစ်နေကြရပါကြောင်း၊ ထို့ကြောင့် ပြည်သူများ စိုးရိမ်သောကကင်းဝေးရေး အတွက် ဘေးကင်းလုံခြုံမှုအတွက် မှုခင်းကြိုတင်ကာကွယ်ရေး မည်ကဲ့သို့ စီမံဆောင်ရွက်ထားသည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။