(ဃ)-မြန်မာနိုင်ငံတွင်သက်ငယ်မုဒိမ်းမှုများနှင့်ပတ် သက်၍ပြစ်မှုကျူးလွန်သူများအားထိရောက်သည့်ပြစ် ဒဏ်များချမှတ်ရန် အစီအစဉ် ရှိ၊မရှိနှင့် စပ်လျဉ်း သည့်မေးခွန်း

2021-01-03

ဒေါ်ခင်စန်းလှိုင်( ပုလဲ မဲဆန္ဒနယ်)မုဒိမ်းမှုဟု ကြားလိုက်ရသည်နှင့် ယဉ်ကျေးသည့် လူ့အဖွဲ့အစည်းဝင်တိုင်း စက်ဆုတ်ရွံရှာကြပါကြောင်း၊ပို၍ဆိုးသည်မှာ အသက်အရွယ်အရ အရွယ်မရောက်သေးသည့် ကလေးငယ်များနှင့် ဆယ်ကျော်သက အရွယ် မိန်းကလေးငယ်များ အပေါ် ကျူးလွန်သည့် မုဒိမ်းမှုများကို နေ့စဉ် ကြားသိမြင်တွေ့နေရခြင်းသည် သူ့၏ မိသားစုအသိုင်းအဝိုင်းအတွက်သာမက တစ်ဆင့်သတင်း ကြားသိရသူများပင် စိတ်ထိခိုက်ကြေကွဲ ကြရပါကြောင်း၊

မုဒိမ်းမှု ပြစ်မှုကျူးလွန်သူများသည် မိသားစုသွေးသားများမှ ဖြစ်ပွားသည့်အမှုများပါ တွေ့လာရပါကြောင်း၊ ထိုအဖြစ်အပျက်များကို မြင်တွေ့လာရသဖြင့် မောင်နှမ၊ သားအဖ၊ ဦးလေး၊ ဆရာတပည်‌့ ဆိုသည့် ဆွေးမျိုးသားခြင်း ရပ်ဆွေရပ်မျိုးများ၏ ခင်မင်ရင်းနှီး၊ နွေးထွေးဖော်ရွေသော နှစ်သက်မြတ်နိုးဖွယ်ရာ ယုံကြည်မှုနှင့် မေတ္တာတရားဆိုသည့် လူမှုဆက်ဆံရေး ပုံသဏ္ဍာန်များသည် ပျက်ယွင်း သွားသည်ကို ဝမ်းနည်းဖွယ်ရာ တွေ့မြင်ရပါကြောင်း၊ မိမိတို့ လူ့အဖွဲ့အစည်းသည် ယခုကဲ့သို့ အဖြစ်အပျက်မျိုးကို တစ်ရှက်မှ နှစ်ရှက်ဖြစ်မည် စိုး၍ လက်သုံးစကားအတိုင်း လူသိခံရမည်ကို ရှက်လွန်းသဖြင့် တိတ်တဆိတ် ဖြေရှင်းသည်များ များပါကြောင်း၊ သို့သော် ယခုကဲ့သို့ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားလာသည်ကို ကြည့်ခြင်းအားဖြင့် မျက်ကွယ်၌ ယခုကဲ့သို့ ဖြစ်ရပ်ဆိုးများ မည်မျှ များပြားနေမည် ကို တွေးဆကြည့်နိုင်ပါကြောင်း၊ ကိန်းဂဏန်းများအရ ၂၀၁၆ ခုနှစ် စက်တင်ဘာလအထိ မုဒိမ်းမှုပေါင်း ၇၆၁ မှုတွင် ၄၆၁ မှုသည် အရွယ်မရောက်သေးသည့် ကလေးသူငယ်များအပေါ် ကျူးလွန်ခဲ့သည့် အမှုများဖြစ်ပါကြောင်း၊ သက်ငယ်မုဒိမ်းမှုသည် ၃ ရက်တွင် ၂ မှုနှုန်း ဖြစ်ပွာနေသည်ကို မှုခင်းကိန်းဂဏန်းများအရ သိရပါကြောင်း၊ မြန်မာနိုင်ငံ မှုခင်းရဲတပ်ဖွဲ့စာရင်းများအရ ၂၀၁၆ ခုနှစ်တွင် ကလေးသူငယ်များအပေါ်ကျူးလွန်သည့် သက်ငယ်မုဒိမ်းမှုသည် လွန်ခဲ့သည့် ၃ နှစ်ကာလနှင့် နှိုင်းဆကြည့်ပါက ၂၀ ရာခိုင်နှုန်းခန့် ပိုမိုမြင့်မားလာသည်ဟု သိရပါကြောင်း၊ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကျူးလွန်ခံရသူများသည် အသက် ၂ နှစ်မှ ၅ နှစ်အထိ ၁၂ မှု၊ အသက် ၆ နှစ်မှ ၁၀ နှစ်အထိ ၆၃ မှု၊ အသက် ၁၁ နှစ်မှ ၁၃ နှစ်အထိ ၁၃၆ မှုနှင့် အသက် ၁၄ နှစ်မှ ၁၆ နှစ်အထိက ၃၂၃ မှုဖြစ်ပါကြောင်း၊

သက်ငယ်မုဒိမ်းမှုများ ဖြစ်ပွားရခြင်းနှင့်ပတ်သက်၍ အခြေခံအကြောင်းအရင်းကို လေ့လာကြည့်ရာတွင် ၂၂ ရာခိုင်းနှုန်းသည် ယုံကြည်မှုလွန်ကဲခြင်းနှင့် အနေနီးစပ်မှုကြောင့်‌ဖြစ်ပြီး ဖျားယောင်းသွေးဆောင်ခြင်း ကြောင့် ဖြစ်ပွား သည့်နှုန်းသည် ၂၁ ရာခိုင်နှုန်းရှိကာ အခွင့်အရေးရလွယ်ခြင်းကြောင့် ဖြစ်ပွားသည်နှုန်းသည် ၁၇ ရာခိုင်နှုန်းရှိပါကြောင်း၊ ကျန် ၄၀ ရာခိုင်နှုန်းသည် အတင်းအဓမ္မ Forced Case များ ဖြစ်နေသည်ကို လေ့လာသိရှိရပါကြောင်း၊ ထို့ကြောင့် ၆၀ ရာခိုင်နှုန်းသည် ကြိုတင်ကာကွယ်၍ရသည့် အမှုအခင်းမျိုးဖြစ်ပါကြောင်း။

မြန်မာနိုင်ငံအနေဖြင့် ကလေးသူငယ်များ အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း UNCRC သဘောတူစာချုပ်ကို ၁၉၉၁ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့ပြီး အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်ခဲ့သည့် အားလျော်စွာ ကျူးလွန်ခံရသည့် ကလေးများအား အပြစ်တင်ခြင်း၊လူ့အသိုင်းအဝိုင်းတွင် ပြစ်ပယ်ထားခြင်းမျိုးများ မပြုကြဘဲ စိတ်ပိုင်းဆိုင်ရာ၊ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေး၊ လူမှုရေးပိုင်းဆိုင်ရာ ပြန်လည်ကုစားရန်လိုအပ်သကဲ့သို့ ပြစ်မှုကျူးလွန်သူများကိုလည်း ရာဇဝတ်ကျင့်ထုံးဥပဒေများအရသာ မဟုတ်ဘဲ ကလေးသူငယ်များအပေါ် ကျူးလွန်သည့်သူများကို ဥပဒေများ ပြဋ္ဌာန်းပြီး ထိရောက်သည့် အမြင့်ဆုံးပြစ်ဒဏ်များ သတ်မှတ်၍ အပြစ်ပေးအရေးယူရန် လိုအပ်ပါကြောင်း၊ ပြစ်မှုကျူးလွန်သူ တစ်ဦးကို ထိရောက်သည့် ပြစ်ဒဏ်များပေးခြင်းဖြင့် ကလေးသူငယ်ပေါင်းများစွာကို ကယ်တင်နိုင်မည် ဖြစ်ပါကြောင်း၊

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး နိုင်ငံတော်အစိုးရအနေဖြင့် သာမန်ဖြစ်ရိုးဖြစ်စဉ် ရာဇဝတ်မှုများကဲ့သို့ မဟုတ်ဘဲ တရားစီရင်ရေးနှင့် အုပ်ချုပ်ရေးမဏ္ဍိုင်တို့မှ အပြစ်ရှိသူအား ထိရောက်ပြင်းထန်သည့် အမြင့်ဆုံးပြစ်ဒဏ်ပေးရန် မည်ကဲ့သို့စီစဉ်ဆောင်ရွက်နေသည်ကို သိရှိလိုပါကြောင်း၊ ကျူးလွန် ခံရသူ ကလေးငယ်များ၏ အညွန့်ချိုးခံလိုက်ရသည့် အနာဂတ်လက်ကျန်အချိန်များတွင် စိတ်ပိုင်းဆိုင်ရာ၊ လူမှုရေးပိုင်းဆိုင်ရာ ဒဏ်ရာဒဏ်ချက်များကို ကုစားပေးမည့် Psycho Social Support အစီအစဉ်များ ဆောင်ရွက်နိုင်ရန်အတွက် ပြည်သူလူထုအား အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ပညာပေး အစီအစဉ်များ ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုကြောင်း မေးမြန်း ပါသည်။