(ဆ) - လင်းခေးမြို့ပေါ် ရှိဒေသစရိတ် ခံစားခွင့်ရုပ် သိမ်းခြင်း ခံရသောမြို့နယ်အဆင့်ဌာနဆိုင်ရာ(၁၈) ဌာနမှ ဝန်ထမ်း၂၇၈ ဦးတို့ကို ပြန်လည်စိစစ်၍ခံစား ခွင့်ပြုရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း
လင်းခေးမြို့ပေါ်ရှိ ဌာနဆိုင်ရာဝန်ထမ်းအချို့ ဒေသစရိတ်ခံစားခွင့်ရုပ်သိမ်းခံရခြင်းကိစ္စအား ပြန်လည်စိစစ် ခံစားခွင့်ပြုရန် မေးမြန်းလိုပါကြောင်း၊ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန် အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်းအဖြစ် မေးမြန်းခဲ့သော်လည်း စာဖြင့်ဖြေကြားခဲ့သည့် ပြည်ထဲရေးဝန်ကြီးကို အထူးကျေးဇူးတင်ပါကြောင်း၊ ဖြေဆိုချက်အပိုဒ်(၁)တွင် လင်းခေးမြို့နယ်ရှိ ဝန်ထမ်းများအားလုံး ဒေသစရိတ် ခံစားခွင့်ပြုခဲ့တာကို ကြိုဆိုထောက်ခံမိပါကြောင်း၊ ဖြေကြားချက်အပိုဒ်(၂)တွင် ဝေးလံခေါင် သီ၍ လူမှုရေးခက်ခဲသည့် ဒေသအဖြစ်သတ်မှတ်ရာ အခြေခံစိစစ်ချက်များမှာ ကုန်ဈေးနှုန်းကြီးမြင့်ခြင်း၊ စီးပွားရေးဖြစ်ထွန်းမှုနည်းပါးခြင်း၊ ရာသီဥတုဆိုးရွားခြင်း၊ လူမှု့ပတ်ဝန်းကျင်အခက်အခဲရှိခြင်း၊ လမ်းပန်း ဆက်သွယ်ရေးခက်ခဲခြင်း စသည်တို့သည် လင်းခေးမြို့နယ်၏ ကျေးလက်မြို့ပေါ် မကွဲပြားဘဲ ဖြစ်ပေါ်နေသည့် ပကတိအခြေအနေများဖြစ်ပါကြောင်း၊ ခက်ခဲသည့်အချက်များကြောင့် ဖြေလျော့မှုမရဘဲ ဖြေကြားချက် အပိုဒ်(၃)နှင့် အပိုဒ်(၄)တို့တွင် ပြန်လည်စိစစ်ပြီး မြို့ပေါ်ဝန်ထမ်းအချို့၏ ဒေသစရိတ်ကို ရုပ်သိမ်းခဲ့သည်ကို တွေ့ရှိနေပါကြောင်း၊ ယခုကဲ့သို့ ရုပ်သိမ်းခဲ့ခြင်းသည် ပကတိအခြေအနေနှင့် ညီညွတ်မှုမရှိသည်ကို တွေ့နေရပါကြောင်း၊ အခြေအနေအမှန်မှာ လင်းခေးမြို့၏ အနောက်ဘက် မြို့အဝင်လမ်း မြောက်ဘက်တွင် မြို့နယ်ရဲစခန်းရှိပြီး ရဲဝန်ထမ်းများသည် ဒေသစရိတ် ရုပ်သိမ်းခြင်းကို ခံနေရပါကြောင်း၊ ရဲစခန်းနှင့် မျက်နှာချင်းဆိုင်လမ်းတောင်ဘက်တွင် မြို့နယ်ပညာရေးမှူးရုံးရှိပြီး ပညာရေးမှူးရုံးရှိ ဝန်ထမ်းများသည် ဒေသစရိတ်ခံစားခွင့် ဆက်လက်ရရှိခံစားနေရပါကြောင်း၊ မြို့နယ်ပညာရေးမှူးရုံး၏ အရှေ့ဘက်တစ်လမ်းကျော်တွင် မြို့နယ်ပြည်သူ့ဆေးရုံ၊ အားကစားနှင့် ကာယပညာဦးစီးဌာန၊ အခြေခံပညာ အထက်တန်းကျောင်းစသည် ဌာနများရှိ ဝန်ထမ်းများသည် ဒေသဆိုင်ရာစရိတ်ရုပ်သိမ်းခြင်းကို ခံနေရပါကြောင်း။
ထို့အတူ မြို့၏တောင်ဘက်အထွက်လမ်းရှိ ကျေးလက်တိုင်နှင့် မြေစာရင်းဦးစီးဌာနရှိ ဝန်ထမ်းများသည်လည်း ဒေသစရိတ်ရုပ်သိမ်းခြင်းကို ခံနေရပါကြောင်း၊ သို့ရာတွင် မြေစာရင်းရုံး၏ တောင်ဘက်တွင်ရှိသော ခရိုင်နှင့် မြို့နယ်အဆင့် ရုံးများရှိ ဝန်ထမ်းများသည် ဒေသစရိတ်ကို ဆက်လက်ရရှိခံစားနေရပါကြောင်း၊ ဒေသစရိတ် ဖြတ်တောက်ခြင်းခံရသော ဝန်ထမ်းမျာသသည် တစ်လလျှင် ကျပ် ၆၀၀၀၀ ခန့် လျော့နည်းခံစားနေရပြီး ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု ခံစားနေရမည်ဖြစ်ပါကြောင်း၊ စိတ်ဒဏ်ရာရရှိမှုဖြင့် တာဝန်ထမ်းဆောင်ရာတွင် စိတ်ပါဝင်စားမှုနှင့် ကြိုးစားအားထုတ်မှု လျော့နည်းလာမည်ဖြစ်ပြီး အဂတိလိုက်စားမှုနှင့် လာဘ်ပေးလာဘ်ယူမှုများ ဖြစ်ပွားလာမည်ကို စိုးရိမ်မိပါကြောင်း၊ ဖြေကြားချက်အပိုဒ် ၅ ပါ လူနေမှုခက်ခဲသောဒေသတွေကို နှစ်နှစ်လျှင် တစ်ကြိမ်ပြန်လည် စိစစ်ရန်နှင့် ပတ်သက်၍လည်း ချက်ချင်း ဖြေရှင်းစေလိုစေပါကြောင်း၊ ထို့ကြောင့် ဒေသစရိတ်ရုတ်သိမ်းခြင်းခံနေရသော လင်းခေးမြို့ပါ ဝန်ထမ်းများ ၇၈ ဦး၏ ဒေသစရိတ်ကို စတင်ရုပ်သိမ်းသည့်နေ့မှာစ၍ ပြန်လည်စိစစ်ခံစားခွင့်ပြုနိုင် ရန် အစီအစဉ်ရှိ/မရှိကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။