(ခ)-မာန်အောင် မြို့နယ်ပင်လယ်ကမ်းခြေမြေနိမ့် ပိုင်းရှိရပ်ကွက်၊ကျေးရွာများအား လေမုန်တိုင်းဒဏ် ခံအဆောက်အဦ(Cyclone Shelter)များ ဆောက် လုပ်ပေးရန်အစီအစဉ်ရှိ၊မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း
ရခိုင်ပြည်နယ်ရှိ မာန်အောင်ကျွန်းသည် မြန်မာနိုင်ငံတွင် ဒုတိယအကြီးဆုံးကျွန်းဖြစ်ပြီး ဘင်္ဂလားပင်လယ်အော်အတွင်း တည်ရှိသော ကျွန်းတစ်ကျွန်းလည်း ဖြစ်ပါကြောင်း၊စတုရန်းမိုင် ၂၀၂ မိုင်ကျယ်ဝန်းပြီး မြို့ပေါ်ရပ်ကွက် ၅ ရပ်ကွက်၊ ကျေးရွာအုပ်စု ၃၆ အုပ်စုနှင့် ကျေးရွာပေါင်း ၁၃၇ ကျော်ရှိပြီး လူဦးရေအားဖြင့် ၆၁၂၀၀ ကျော်နေထိုင်လျက်ရှိပြီး လူဦးရေ၏ ၅၀ ရာခိုင်နှုန်းကျော်သည် ပင်လယ် ကမ်းခြေကျေးရွာများတွင် နေထိုင်လျက်ရှိကြပါကြောင်း၊ မြို့နယ်ရပ်ကွက် ၅ ခုနှင့် ကျေးရွာ ၂၀ ခန့်သည် ပင်လယ်ရေပြင်အထက် ၄ ပေမှ ၆ ပေ အထက်တွင်ရှိသော ပင်လယ်ကမ်းခြေ မျက်နှာပိတ်ရပ်ကွက် ကျေးရွာများတွင် နေထိုင်ကြရပါကြောင်း၊ မြို့နယ်ရပ်ကွက် ၅ ခုနှင့် ခေါင်ဦးမူကျေးရွာအုပ်စုကြီး ကျေးရွာ ၅ ရွာ၊ ကုန်းတန်း၊ လိုင်ပလ၊ ချောင်းဝနှင့် ငေါတင်ဆိပ်၊ဆလပ်တင်၊ ရေမျက်ဝ၊ မကျီးကုန်း၊ ကျောက်ကုန်း၊ ဇီးတော၊မြို့တော်ဦး၊ ပြားကြီးကျေးရွာနဲ့ ခိုဝါကျေးရွာများဟာသည် ပင်လယ်နှင့် အလွန်နီးကပ်စွာတည်ရှိပြီး ရေနိမ့်ပိုင်း၌ ရှိကြပါကြောင်း။
၁၉၃၆ ခုနှစ်၊ မေလ ၁၇ ရက်နေ့က တိုက်ခတ်ခဲ့သော လေမုန်တိုင်းကြောင့် မိမိတို့ မာန်အောင်ရှိ ပင်လယ်ကမ်းခြေကျေးရွာတွင် နေထိုင်သော လူဦးရေ ၁၄၄ ဦး မုန်တိုင်းကြောင့် သေကျေခဲ့ကြရပါကြောင်း၊ နှစ် ၁၀၀ ပတ်ဝန်းကျင်တွင် အပြင်းအထန်ဆုံး လေမုန်တိုင်းကြီးများ တိုက်ခတ်လျက်ရှိပါကြောင်း၊ ယခု နှစ် ၁၀၀ နီးလာပြီ ဖြစ်ပါကြောင်း၊ ကမ္ဘာ့ရာသီဥတု ဖောက်ပြန်မှုများသည် အလွန်ပြင်းထန်လာပြီး လူသားများအတွက် သတိထားပြီး ကြိုတင်ပြင်ဆင်မှုများ လုပ်ထားရန် လိုအပ်လှပါကြောင်း။
ဧရာဝတီတိုင်းဒေသကြီးတွင် တိုက်ခတ်ခဲ့သော နာဂစ်တိုက်ခတ်စဉ်ကကဲ့သို့ အခြေအနေမျိုးမကြုံရလေအောင် အပြင်းအထန်ဆုံး သဘောဝဘေးအန္တရာယ် လေမုန်တိုင်းကြီးများ ကျရောက်လာနိုင်သည့် အတွက် လေမုန်တိုင်းဒဏ်ခံနိုင်သော အဆောက်အဦများ ဆောက်လုပ်ပေးစေလိုပါကြောင်း၊ ပင်လယ်ကမ်းခြေအနီး မြေနိမ့်ပိုင်းရှိ ရပ်ကွက်/ကျေးရွာများတွင် လေမုန်တိုင်းဒဏ်ခံနိုင်သော အဆောက်အဦ (Cyclone Shelter) ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ/မရှိ၊ ရှိပါက မည်သည့်အချိန်တွင် ဆောက်လုပ်ပေးမည်နှင့် မရှိပါက မည်သည့်အတွက်ကြောင့် ဖြစ်သည်ကို သိရှိလိုကြောင်း မေးမြန်းပါသည်။